တောင်ကြီး နိုဝင်ဘာ-၂၉
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့မှာကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ဖြစ်သည့် “Fostering disability inclusivesocieties for advancing social progress´´ “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများမြှင့်တင်ပေး´´ဆိုသည့် ဆောင်ပုဒ်ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ၂၀၂၅ခုနှစ် ဥာဏ်ရည်မသန်စွမ်းသူများ အားကစားပြိုင်ပွဲ(တောင်ကြီး)ကို နိုဝင်ဘာ(၂၉) ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အားကစားမှတစ်ဆင့် ဥာဏ်ရည်မသန်စွမ်းသူများ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှု၊ ရဲစွမ်းသတ္တိ၊ ပျော်ရွှင်မှုတို့ကိုတိုးတက်စေရန်၊ အခြားအားကစားသမားများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ခင်မင်ရင်းနှီးမှုများကို တည်ဆောက်ပေးရန် ရည်ရွယ်ပြီး ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာ Special Olympics အဖွဲ့အစည်းကြီး၏ ဆောင်ပုဒ်ဖြစ်သည့် “ကျွန်ုပ်အားယှဥ်ပြိုင်အနိုင်ယူခွင့်ပြုပါရန်၊ အနိုင်မရပါကလည်း ယှဥ်ပြိုင်ရာတွင် ရဲဝံ့ကြိုးစား၊ အားထုတ်မှုကို ပြသခွင့်ပြုပါ´´ဆိုသည့် စိတ်ဓာတ်ကို မြန်မာနိုင်ငံမှာ ပျိုးထောင် ပေးနေခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ မြန်မာနိုင်ငံ ဥာဏ်ရည်မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အားကစားသည် မသန်စွမ်းသူများအား စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အကောင်းဆုံးသောနေရာတစ်ခုဖြစ်ပြီး ယနေ့ကျင်းပသည့် ပြိုင်ပွဲသည် အနာဂတ်နိုင်ငံတကာပွဲကြီးများအတွက် ကြယ်ပွင့်များမွေးထုတ်ပေးမည့် အရေးပါသော စင်မြင့်တစ်ခုဖြစ်ကြောင်းကိုလည်း ဂုဏ်ယူစွာပြောကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် Special Olympic Myanmar ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ စားသောက်ဖွယ်ရာများဝေငှကြပြီး ညောင်ရွှေမြို့နယ်မှ ဥာဏ်ရည်မသန်စွမ်းသူများအဖွဲ့မှ စုပေါင်းတေးသရုပ်ပြ တင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ကပြဖျော်ဖြေပေးသွားသော ညောင်ရွှေမြို့၊ ဥာဏ်ရည်မသန်စွမ်းသူများအဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ Special Olympic Myanmar ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ၂၀၂၅ ခုနှစ် ဥာဏ်ရည်မသန်စွမ်းသူများ အားကစားပြိုင်ပွဲအတွက် ပပိုးကူညီပေးခဲ့သည့် တာဝန်ရှိသူများ၊ အလှူရှင်များအား Special Olympic Myanmar ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးအပ်သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရာသက်ပန်ငွေပဒေသာပင်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က အလှူငွေများပေးအပ်လှူဒါန်းရာ Special Olympic Myanmar ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တာဝန်ရှိသူတစ်ဦးတို့က လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် Bocce ပြိုင်ပွဲ ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ၂၀၂၅ခုနှစ် ဥာဏ်ရည်မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်များမှ အားကစားသမားစုစုစုပေါင်း၂၀၀ကျော် ပါဝင်ယှဥ်ပြိုင်ကြပြီး အပြေး၊ လမ်းလျှောက်၊ Soft ball throwing စသည့်အားကစားနည်းများနှင့် ၅ ယောက်တစ်ဖက် ဘောလုံးပြိုင်ပွဲ၊ Bocce ပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး