
ပင်းတယ စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ စက်တင်ဘာ ၆ရက်နံနက် ၁၀ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ကျောင်းသူများ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ” ဘက်စုံပညာကိုရည် တို့လှမ်းချီ ” တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ပေးပြီး၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြား ပေးသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေသပညာရေးမှူး ဆရာမကြီးမှ ၂၀၂၅ခုနှစ်၊တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားပေးသည်။
ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရရှိသည့် ကျောင်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးကာအထက (ကြိုသက်) ကျောင်းသား/ကျောင်းသူများက ” အနာဂတ် လူရည်မွန် “တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား (၃)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၀)ဦး စုစုပေါင်းဂုဏ်ထူးရှင်(၄၇)ဦးရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၄၈ ဒသမ ၆၈)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း နှင့်ရှမ်းပြည်နယ် ဝိဇ္ဇာဘာသာတွဲမှာ Top Ten(၁၀)ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပင်းတယမြို့၊ ဆူးဗိုလ်ကုန်ရပ်ကွက်ရှိ ဆူးဗိုလ်ကုန်းဘုန်းတော်ကြီး ကျောင်း၀န်းအတွင်း၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၎င်းစုပေါင်းသန့်ရှင်းရေးဆောင်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုံခြုံရေးတပ်ခွဲမှူး ရဲမှူး တင်ကိုကို ဦးစီးတပ်ဖွဲ့၀င်များ ၊ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပင်းတယမြု့မရဲစခန်းမှူး ဒုတိယရဲမှူးအေးမင်းနှင့် တပ်ဖွဲ့ ဝင်များ စုစုပေါင်း(၅၅)ဦးတို့ သည် မြက်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအားစုပေါင်းရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။