
တောင်ကြီး သြဂုတ်-၂၉
ရှမ်းပြည်နယ်၊ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမဲပေးမည့် စနစ် ရှင်းလင်းတင်ပြခြင်းကို သြဂုတ်လ(၂၉)ရက်ညနေ (၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစနစ် နှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်း က ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းကြရာ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လာမည့်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပြည်သူလူထုများ ယုံကြည်စွာ ပါဝင်လာရေး အသိပညာပေးဆောင်ရွက်ရန်နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရရှိရေးအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသေးသူများကိုလည်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိရေး ဆောင်ရွက်ပေးနေပါကြောင်း၊ ရွေးကောက်ပွဲမဲပေးပိုင်ခွင့် အရည်အချင်း သတ်မှတ်ချက်များလည်း ရှိပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မိမိဒေသတွင် မဲပေးပိုင်ခွင့်ရှိပြီး နိုင်သားစိစစ်ရေးကဒ်ပြား ပါမှသာလျှင် မဲပေးပိုင်ခွင့်ရှိပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ပါကြောင်းနှင့် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး