
တောင်ကြီး မတ်-၁၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ မတ်(၁၀)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ၁၃၈၇ခု၊ ၂၀၂၆ခုနှစ် တောင်ကြီးမြို့၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တောင်ကြီးမြို့ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုနှစ် သကြင်္န်ကို မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီသည့် သကြင်္န်ပွဲတော်ဖြစ်စေရေးနှင့် ပျော်ရွှင်စွာ ကျင်းပနိုင်ရန် အလေးထားဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုညီလာခံတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသကြင်္န်ပွဲတော်ကို ယူနက်စကိုမှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွင် ထည့်သွင်းအသိအမှတ်ပြုထားရှိပြီးဖြစ်ပါကြောင်း၊ ခေတ်ပေါ်တေးဂီတတီးဝိုင်းများ ပါဝင်မည်ဖြစ်၍ အနုပညာရှင်အဆိုတော်များ၏ ဝတ်စားဆင်ယင်မှုများကို ယဉ်ကျေးမှုနှင့်အညီဖြစ်စေရန် သက်ဆိုင်ရာကော်မတီများက စနစ်တကျ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လမ်းလျှောက်သကြင်္န်အား ယခင်နှစ်က ကဲ့သို့ ဆောင်ရွက်မည်ဖြစ်၍ သက်ဆိုင်ရာဌာနများက အကြံပြုဆွေးနွေးပေးကြရန်၊ တေးဂီတဖျော်ဖြေမှုတွင် ဒေသရှိ တီးဝိုင်းများကို ဦးစားပေးဆောင်ရွက်ပေးကြရန်၊ ဝန်ကြီးဌာနများကလည်း မိမိလက်အောက်ရှိ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ မိရိုးဖလာရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီသည့် သကြင်္န်ပွဲတော်ဖြစ်စေရေးနှင့် သကြင်္န်ပွဲတော်အား ပျော်ရွှင်စွာကျင်းပနိုင်ရန် အားလုံးကအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက သကြင်္န်မဏ္ဍပ်ဆောက်လုပ်မည့်ကိစ္စရပ်နှင့် ယိမ်းအကအဖွဲ့ ပါဝင်မှုနှင့်စပ်လျဥ်း၍လည်းကောင်း၊ ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ ဆုချီးမြှင့်ရေးနှင့် အကဲဖြတ်လုပ်ငန်းကော်မတီ၊ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရးလုပ်ငန်းကော်မတီ၊ အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နိုင်ရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ အင်းလေးရေပေါ်သကြင်္န် ကျင်းပရးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သကြင်္န်ကျင်းပရေး လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက ကော်မတီအလိုက်ဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အထွေထွေဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သကြင်္န်မဏ္ဍပ်များကို ဗိုလ်ချုပ်လမ်းမပေါ်တွင် ထားရှိဆောင်ရွက်သွားမည်ဖြစ်၍ မဏ္ဍပ်ဆောင်ရွက်မည့်နေရာများကို သက်ဆိုင်ရာ ကော်မတီတာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းကြည့်ရှု၍ လျာထားချက် များတင်ပြပေးရန်၊ သကြင်္န်ယိမ်း အကပြိုင်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး အင်းလေး ရေပေါ်သကြင်္န်ကိုလည်း ကျင်းပသွားမည်ဖြစ်၍ သကြင်္န်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် မူဝါဒနှင့်အညီ စနစ်တကျဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ဗဟိုမဏ္ဍပ်ကိုလည်း နေရာရွေးချယ်အဆိုပြုပေးနိုင်ရန်နှင့် စတုဒိသာကျွေးမွေးရေး၊ မြန်မာ့ရိုးရာသနပ်ခါးသကြင်္န်ကိုလည်း ပါဝင်ဆောင်ရွက်ပေးနိုင်ကြရန် ဖြည့်စွက်ဆွေးနွေးသွားသည်။
ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးက သကြင်္န်ဖျော်ဖြေရေးတွင် ဒေသခံအဆိုတော်များကို ဦးစားပေးဆောင်ရွက်ပေးရန်နှင့် ကော်မတီများအနေဖြင့် စိစစ်ဆောင်ရွက်ပေးကြရန် အကြံပြုဆွေးနွေးပြီး တောင်ကြီးမြို့၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၁၃၈၇ခု၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော်တွင် ရိုးရာယဉ်ကျေးမှုနှင့်အညီ သကြင်္န်ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဒီကရီကောလိပ်များနှင့် ရပ်ကွက်များမှ ပြိုင်ပွဲဝင်ကြမည့် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ အသိပေးထားပြီး တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသကြင်္န်ပွဲတော်နှင့်အတူ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ ညောင်ရွှေမြို့ အင်းလေးရေပေါ်သကြင်္န်ပွဲတော်ကိုလည်း စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့