
တောင်ကြီး သြဂုတ်-၁၅
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ ကိုသြဂုတ်(၁၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်အထိ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာ(၉၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ အကောင်အထည်ဖော်နိုင်မှုအနေဖြင့် သင်တန်းသား(၁၁၃၄)ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ထူထောင်နိုင်သူ (၄၈၀)ဦးရှိခဲ့ပါကြောင်း ၊ ယခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း စီမံကိန်းလုပ်ငန်းများကို ဒေသအလိုက် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်ရုံးက(၁၁)ခု၊ ရက်ကန်းကျောင်း(တောင်ကြီး)က (၂)ခု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက (၆)ခု၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက (၃)ခု၊ လွိုင်လင်ခရိုင်က (၅)ခု၊တာချီလိတ်ခရိုင်က (၅)ခု၊ စုစုပေါင်း စီမံကိန်း(၃၂)ခုအား အသီးသီးတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ ကျေးရွာတစ်ရွာအတွက် ငွေကျပ်(၁၂)သန်းအနက် ကျပ်(၅)သန်းကို စီမံကိန်းဒေသများမှ တောင်းဆိုသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးပြီး ကျန်ရှိသည့်ကျပ်(၇)သန်းအား လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူ (၅)ဦးကို တစ်ဦးလျှင် ကျပ်(၁၄)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် တောင်ကြီးခရိုင်နှင့် ကလောခရိုင်အတွင်းရှိ စီမံကိန်းလုပ်ငန်း(၁၃)ခုမှ လုပ်ငန်းထူထောင် လုပ်ကိုင်မည့် ထူးချွန်သင်တန်းသား(၆၅)ဦးအတွက် လုပ်ငန်းသုံးပစ္စည်း အမယ်(၂၇) မျိုး၊ အရေအတွက်အားဖြင့် (၂၇၅)ခုအား ပေးသွားမှာဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်လာပါက ပြည်သူများဝင်ငွေတိုးပွားလာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာမည့်အပြင် ရှမ်းပြည်နယ်၏ GDP တိုးတက်လာမှာဖြစ်သည့်အတွက် အားလုံးပူးပေါင်း၍ မိမိတို့တတ်စွမ်းသည့် အသိပညာ၊ အတတ်ပညာများအား မဆုတ်မနစ်သော ဇွဲ၊ လုံလ၊ ဝီရိယများဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားသည်။
ထို့နောက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကတောင်ကြီးမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်း၊ တောင်ကြီးမြို့နယ် ရေအေးကွင်းရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရပ်ကွက်(၁)တွင် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းနှင့် တောင်ကြီးမြို့နယ် လင်းလေကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းများမှ သင်တန်းသားများအား လုပ်ငန်းထူထောင် ဆောင်ရွက်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာရပ်ကွက်(၆)၊ ငိုမွိူးကျေးရွာ၊ ကောင်နိန်းကျေးရွာ၊ ကလောမြို့နယ် ဟဲဟိုးမြို့ တောင်မြေခြားကျေးရွာ၊ တောင်ကြီးမြို့နယ် ပင်ဟားကျပ်ကျေးရွာ၊ လုံဟေးကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ဘုရားဖြူရပ်ကွက် တွင်ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ ဝါးအခြေခံလက်မှု ထည်ထုတ်လုပ်မှု နည်းပညာသင်တန်းများမှ သင်တန်းသားများအား လုပ်ငန်းထူထောင်ဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က လည်းကောင်း၊ ညောင်ရွှေမြို့နယ် တောင်ပို့နီကျေးရွာတွင် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး သဘာဝဆိုးဆေးနှင့် လက်ရက်ကန်းဒီဇိုင်း သင်တန်းတွင် လုပ်ငန်းဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ကလည်းကောင်း လုပ်ငန်းသုံးပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ကြီး မူလတန်းကြိုကျောင်းသို့ သွားရောက်၍ မူကြိုကလေးများ သံပြိုင်ညီစွာ ဘုရားဝတ်ပြုနေမှုအား ကြည့်ရှုပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း(ECCD) သင်တန်းဖွင့်လှစ် သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးစကားပြောကြား၍ လူမှုဝန်ထမ်းဦးစီးဌာနရှိ မူကြိုကလေးများအား အာဟာရဖြည့်စွက်စာ ချက်ပြုတ် ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ကလေးများ ကျန်းမာ ရေးသွားရှိမည့် နေရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးမူလတန်းကြိုကျောင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး