ကလော ဩဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလောခရိုင်၊ ကလောမြို့နယ်၌ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၄ ရက် ၊ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက လူငယ်များနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်း ကြောင်းများ၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်စိုးမိုးနန္ဒာ က အားကစားအမျိုးအစားများ၊အားကစားပြုလုပ်ရခြင်း ရည်ရွယ်ချက်၊အားကစားပြုလုပ်ခြင်းကြာင့် ရရှိသည့်အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေး စသည့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး