ဟိုပုံး နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာ ၄ ရက် နံနက် (၁၁) နာရီက သီရိမင်္ဂလာဗိမာန်တော်၌ ကျင်းပသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့‌နောက်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် ဖာလိုင်ဗွေလွန်း ကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍဝအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကိုနာယူကြသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် တာဝန်ရှိ သူများသည် ဆရာတော်၊ သံဃာတော်များထံမှ အနုမောဒနာတရားတော်နာယူပြီးနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းသိရသည်။
ဟိုပုံးမြိုနယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် တန်ဆောင်မုန်းလ၏ အထင်ကရပွဲတော် တစ်ခုဖြစ်သော မဟာကထိန်ပွဲတော်ကြီးတွင် အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်း သော်လည်း ကောင်း ဘုန်းတော်ကြီးကျောင်းများတွင် စေတနာထက်သန်စွာဖြင့် ရိုးရာမပျက်နှစ်စဥ်အေးချမ်းစွာ ကုသိုလ်ယူလှူဒါန်းကြကြောင်း သိရသည်။ အဆိုပါ မြို့လုံးကျွတ်စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆) ရပ်ကွက်မှ ဒေသခံပြည်သူများ၊ အလှူရှင်များမှ လှူဒါန်းသည့် ပဒေသာပင်စုစုပေါင်း (၄၅)ပင် တန်ဖိုးငွေ ကျပ်သိန်း (၅၆၈၂၅၁၀၀)၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှ စုပေါင်းမဟာဘုံကထိန်အတွက် အလှူခံရငွေ သိန်း(၄၂၃၈၀၀၀)နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဆွမ်းအတွက် ကျပ်(၂၀)သိန်း၊ စုစုပေါင်း သိန်း(၆၃၀၆၃၁၀၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး