ဟိုပုံး ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစု ပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန် ရည်ရွယ်၍ စာဖတ်ရှန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်သို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်ရရှိစေရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက နောင်ခုံးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် တန်ဖိုးဖြတ်မရသည့် ရတနာများ ဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင် အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန် အသိပညာပေးဟောပြော ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ ဝန်ထမ်းများက သုတ/ရသစာအုပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ကလေးအလုပ်သမားပပျောက် အသိပညာပေးနံရံကပ်စာစောင်အားကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး