ဟိုပုံး ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ယူမှုမရှိစေရေးအသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၈ ရက် နံနက် ၉ နာရီက ဟိုပုံး-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး (နေမင်းရောင်လုံခြုံရေးဂိတ်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများနှင့် အသက်ကယ်ထိုင်ခုံခါးပတ် စနစ်တကျ တပ်ဆင်မောင်းနှင် သွားလာကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်းကြရန်နှင့် သိရှိ လိုက်နာရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု မဖြစ်ပွား စေရေးအတွက် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ယာဉ်ဥပဒေပါ အရေးယူနိုင်သည့် ပြစ်မှုနှင့် ပုဒ်မများအကြောင်းကို အသိပညာပေးခြင်းနှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ယူမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဖြိုးနိုင်ဦး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ ပြည်နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုတိယအကောက်ခွန်မှူး နှင့် ဝန်ထမ်းများ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများတို့က ပူးပေါင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး