ပင်းတယ သြဂုတ်-၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ဇူလိုင်လ(၂၅)ရက်နေ့မှ(၂၇)ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများဝင်ရောက်ပြီး ရေကြီးရေလျှံမှုများဖြစ်ခြင်း၊ ကားလမ်းများရေကျော်၍ လမ်းတံတားများ ကျိုးကျပျက်စီးခြင်း၊ လူနေအိမ်များမျှောပါပျက်စီးမှုများ၊ တောင်နံရံပြိုကျမှုများဖြစ်ပေါ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင်လ(၃၀)ရက်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် အတူသိမ်ကုန်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်၍ ထိခိုက်ပျက်စီးသွားသော လမ်း၊ တံတားများ ပြည်သူများ ခရီးသွားလာရေးတွင် ကြန့်ကြာမှုမရှိစေရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆို ပါဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လူနေအိမ်များ၊ လမ်းတံတားများနှင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို သြဂုတ်(၂)ရက်ညနေ(၃)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအာကာလင်းမှ သဘာဝဘေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သက်ဆိုင်ရာဌာနများက မြေပြင်ကွင်းဆင်းပြီး လုပ်ငန်းနှင့်စပ်လျဥ်း၍ အချိန်မီတင်ပြဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပုန်းတလုတ်ရေကန်ကိုလည်း ရေရှည်ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးကဏ္ဍတွင်လည်း မူလစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဦးစားပေးအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သဘာဝဘေးနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်နိုင်ရန်အတွက် ငွေကျပ်သိန်း(၃၀၀)နှင့် ဘိလပ်မြေအိတ်(၁၅၀၀)အိတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက လက်ခံရယူကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာရှိ အသေးစားမွေးမြူရေးဇုန်သို့ သွားရောက်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက မွေးမြူရေးဇုန်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အကြံပြုချက်များတင်ပြပေးကြရန်နှင့် အခက်အခဲများရှိပါက တင်ပြပေးကြရန်လိုအပ်ပါကြောင်း၊ သို့မှသာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်ကိုလည်း ရေ၊ မီး၊ လမ်းများတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်မွေးမြူရးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက မွေးမြူရးဇုန်နှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် တိရစ္ဆာန်အစာစို က်ပျိုးရေးကိစ္စရပ်များအတွက် အကြံပြုဆွေးနွေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိလိုသည်များ ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ နိုင်ငံတော်က စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကအားထားပါကြောင်း၊ ယခုမွေးမြူရေးဇုန်မြေနေရာသည် နေရာကောင်းဖြစ်၍ မွေးမြူသူလုပ်ငန်းရှင်များအတွက် အကျိုးစီးပွားဖြစ်ထွန်းအောင် မြင်မှာဖြစ်ကြောင်း၊ မွေးမြူရေးဇုန်အတွင်း ရေမီး၊လမ်းများကိုလည်းဆောင်ရွက်ပေးထားပြီး၊ နွားအကောင်ရေ မထည့်သွင်းနိုင်ပါက နွားစာအတွက် အစာပင်များ ကြိုတင်စိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း၊ နွားများသယ်ဆောင်ရာတွင် အခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များကလည်း အကြံအဉာဏ်ပေးမှုအပါ် လက်ခံပြီး စနစ်တကျရှိသော မွေးမြူရေးဇုန်ဖြစ်ရန်လိုအပ်ပါကြောင်း၊ မွေးမြူရေးဇုန်တွင် တိရစ္ဆာန်အစာလည်းရ၊ အရိပ်လည်းရရှိအောင် သစ်ပင်များစိုက်ပျိုးပေးရန်နှင့် သစ်တောဦးစီးဌာနမှ အကြံအဥာဏ်များ ရယူရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးဇုန်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောခရိုင်၊ အောင်ပန်းမြို့ သာမိုင်ခမ်း ရေလွဲဆည်သို့ရောက်ရှိလာရာ သာမိုင်ခမ်းဆည် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သာမိုင်ခမ်းဆည် ပြုပြင်ခြင်းသည် အင်းလေးကန်အတွင်း စီးဝင်သောရေများ နှုန်းပို့ချမှုကိုကာကွယ်ခြင်းနှင့် နွေရာသီကာလတွင် စိုက်ပျိုးဧက(၃၀၀)ကို အကျိုးပြုကြောင်းရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီကာလတွင် ရေများထိန်းသိမ်းမှု ဆောင်ရွက်ပေးရန်နှင့် ရေသိုလှောင်မှုပမာဏ တွက်ချက်ပေးရန် လိုအပ်ပါကြောင်း ဖြည်စွက်မှာကြားပြီး သာမိုင်ခမ်းဆည် ပြန်လည်ပြုပြင်မည့် နယ်နိမိတ်သတ်မှတ်ထားမှုအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး