
လားရှိုး ဖေဖော်ဝါရီ-၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံဓာတ်ပုံပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၅) ရက်နေ့က လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခြေခံဓာတ်ပုံပညာသင်တန်း (၁/၂၀၂၆)အား ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ စာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ၂-၆-၂၀၂၆ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ သင်တန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က မည်သည့်အလုပ်မျိုးကိုမဆို အသက် ၁၄နှစ်အောက် ကလေးငယ်များအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေများက တင်းကြပ်စွာ တားမြစ်ကြောင်း၊ အန္တရာယ်ရှိသည့်အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့် အလုပ်တို့ကို လုပ်ကိုင်နေရသည့် ကလေးငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ၊ ကလေးငယ်များအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် နည်းလမ်းများ၊ ကလေးများလုပ်သောအလုပ်နှင့် ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူပိုင်ခွင့်၊ မတော်မတရားပြုမှု၊ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ အကာအကွယ် ပေးခံပိုင်ခွင့်နှင့် ပါဝင်ခွင့်များ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာမူများနှင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်နှင့်သက်ဆိုင်သည့် ဥပဒေနည်းဥပဒေများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသည့် လက်ထောက်ညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။