
လားရှိုး နိုဝင်ဘာ-၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားစေရေး၊ ကျောင်းသားကျောင်းသူလူငယ်လူရွယ်များ စာအုပ်စာပေများနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ အခြေခံပညာစာသင်ကျောင်းများကို အခြေခံကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက် နံနက် ၉ နာရီက အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ တက်ရောက်လာသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ ကျောင်းသားကျောင်းသူများနှင့် ပန်းဖွားအဖွဲ့တို့က အလေးပြုကြိုဆိုခဲ့သည်။
ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်မှူး ဦးဇော်ဌေးအောင်၊ ပြည်နယ်ပညာရေးမှူး ရုံးခွဲ (ရှမ်းမြောက်)မှ ညွှန်ကြားရေးမှူး ဦးတင့်ဆွေနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းတို့ကစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေးအတွက် ချီးမြှင့်ပေးအပ်သည့် ငွေကျပ် ၃၀ သိန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းကပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်မှူးဦးဇော်ဌေးအောင်က လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဟိုတယ်လုပ်ငန်းရှင်အသင်းနှင့် စက်သုံးဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများကလည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဥက္ကဌ ဒေါ်ခင်းသန်းနွဲ့ (မမလားရှိုး)က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြူကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပြီး အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်သည်။
ထို့အပြင် တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ စသည့်ဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ၅ ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆန်ကောရွက်၊ ခါးလှည့်၊ မုန့်စား၊ အာလူးကောက်စသည့် ကာယစွမ်းရည်ပြိုင်ပွဲ ၄ ပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း၊ “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲ၊ အခြေခံပညာကျောင်း သိပ္ပံပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးပြခန်းများနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး