လားရှိုး နိုဝင်ဘာ-၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးသုတေသနဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံများသိရှိစေရန်၊ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ရောဂါတွေ့ရှိပါက အထူးကုဆရာဝန်များနှင့် ဆက်လက်ပြသပေးနိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၇ ရက် နံနက် ၇ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆေးသုတေသနဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်ပတ်သက်သည့်အကြောင်းအရာများ ဆန်းစစ်လေ့လာရန်အတွက် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း Grade-8 (A) စာသင်ခန်းရှိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၀ ဦးတို့အား မေးခွန်းလွှာများ မေးမြန်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အရပ်၊ ကိုယ်အလေးချိန်၊ ခါးပတ်လည် တိုင်းတာခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီးကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် လားရှိုးမြို့ရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၈နာရီခွဲက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တွဲပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ လားရှိုးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့်သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်ရမည့် အခြေအနေ၊ မဲရုံမှူး ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်ရမည့် တာဝန်နှင့်လုပ်ပိုင်ခွင့် အခြေအနေ၊ ဒုတိယကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထား ပြီးစီးမှု အခြေအနေ၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဆောင်ရွက်ထားမှု အခြေအနေ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား လက်ခံခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ နေရာချထားခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့် အခြေအနေများ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက သင်တန်းပို့ချနေမှုအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့သည်။
အဆိုပါသင်တန်းအား နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၅၈ ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
