
လားရှိုး အောက်တိုဘာ-၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းပါရှိစေရေး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မြန်မာအီလက်ထ ရောနစ်မဲပေးစက် (MEVM) အသုံးပြု စမ်းသပ်မဲပေးခြင်းကို အောက်တိုဘာလ(၁၇)ရက် နံနက် (၁၁)နာရီက အမှတ် (၅) အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။
ရှေ့ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာမင်းက မဲစာရင်းပါရှိစေရေး လျှောက်ထားရမည့်ပုံစံများအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသည့် အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေသူက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးနိုင်ရေးအတွက် မဲပေးစက်တည်ဆောက်ပုံနှင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်တို့ကို အသိပညာပေး၍ တက်ရောက်လာသည့်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ ပြည်သူများမဲစာရင်းလာရောက်ကြည့်ရှုမှုနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းဆောက်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့