
လားရှိုး အောက်တိုဘာ-၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အောက်တိုဘာလ(၂၁)ရက် နံနက်ပိုင်းက စတင်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပင်စင်လစာ လာရောက်ထုတ်ယူသည့် ပင်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက ပင်စင်လစာများစနစ်တကျ ထုတ်ပေးခြင်း၊ ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံးကြီးမှ ဝန်ထမ်းများက အခမဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှုဆောင်ရွက်ပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိစေရန် အတွက် စားသုံးသူရေးရာဦးစီးဌာနကကြီးကြပ်၍ လားရှိုးမြို့နယ်ဆန်စပါးကုန်သည်များအသင်း အနေဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၃၅၀၀ကျပ်နှုန်း၊ ဆားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၈၅၁၃ ကျပ်နှုန်းဖြင့် စနစ်တကျ ရောင်းချဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် လားရှိုးမြို့တွင် ခရိုင်များအလိုက် ဖြစ်ပွားခဲ့သည့် မှူခင်းဖြစ် ဖြစ်စဉ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး) ရှိ ရဲရန်အောင်ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန့်ဇင်က အမှာစကားပြောကြားပြီး လားရှိုး၊ မူဆယ်၊ တန့်ယန်း စသည့်ခရိုင်များအလိုက် ဖြစ်ပွားခဲ့သည့် လူသတ်မှု၊ လုယက်မှု မှုခင်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တရားခံများနှင့်အတူ သက်သေခံပစ္စည်းများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်နှင့် အမှတ် (၆) မူးယစ်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သက်ထွန်းတို့က မှုခင်းဖြစ် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ပြည်သူများက ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ် ဖြစ်စဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့