လားရှိုး ဇန်နဝါရီ-၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်တည်ရှိရာ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ ပရဟိတအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများ တက်‌ရောက်ခဲ့သည်သည်။
ရှေ့ဦးစွာ ဝန်ထမ်းများက (၇၈)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမ်းအနားသို့ တက်ရောက်လာကြသူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားအားကျင်းပခဲ့ရာ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ခွဲမှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော် နိုင်ငံတော်အလံနှင့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌအား စုပေါင်းအလေးပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌက ဖတ်ကြားခဲ့သည်။
ထို့အပြင် မြို့နယ်အဆင့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့