လားရှိုး ဇန်နဝါရီ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် Physical Fitness Exercises ပြိုင်ပွဲကို ဇန်နဝါရီ ၁ရက် နံနက် ၇ နာရီခွဲက ပြည်ထောင်စု အားကစားကွင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များက နိုင်ငံတော်သီချင်း၊ မြန်မာ့ကျောင်းနှင့် ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးက မြို့နယ်အဆင့် Physical Fitness Exercises ပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အားကစားမောင်မယ်များက “အာရှမြန်မာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများအားကျင်းပခဲ့ရာ အထက်တန်းအဆင့်တွင် ၁၆ သင်း၊ မူလတန်းအဆင့်တွင် ၁၈ သင်း၊ စုစုပေါင်အသင်း ၃၄ သင်းနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၀၀ ဦး ဝင်ရောက်ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
ထို့အပြင် အထက်တန်းအဆင်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် အ.ထ.က (၆)၊ အ.ထ.က (ခွဲ) အ.လ.က (၈)နှင့် အ.ထ.က (၂) ကျောင်းတို့အားလည်းကောင်း မူလတန်းအဆင့်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် မူလွန် (၂၇)၊ အ.လ.က (ခွဲ) အ.မ.က (၂၄)နှင့် အ.လ.က (ခွဲ) အ.မ.က (၂၆) ကျောင်းတို့အား တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လားရှိုးမြို့တွင် သာသနာရေးဝန်ကြီးဌာနမှ လှူဒါန်းလာသော သီရိလင်္ကာနိုင်ငံမှ မြတ်ဗုဒ္ဓစွယ်တော်ပွားအား သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ဓာတ်တော်တိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်သည့် မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ(၁)ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းတိုက်အတွင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော်က ဩဝါဒစကား မြွက်ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သာသနာရေးဝန်ကြီးဌာနမှ လှူဒါန်းလာသော သီရိလင်္ကာနိုင်ငံမှ မြတ်ဗုဒ္ဓစွယ်တော်ပွားအား ဓာတ်တော်တိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်သည့် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များအား ဆွေးနွေးလျှောက်ထားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
