လားရှိုး ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၁၃)ရက် နံနက် ၅ နာရီခွဲက ကျင်းပရာ မြို့တော်ခန်းမရှေ့စုရပ်မှ လားရှိုးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်မှ လွတ်လပ်ရေးကျောက်တိုင်ရှိရာပန်းခြံအထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျောက်ခဲ့သည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦဇော်နိုင်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ပါဝင်လမ်းလျှောက်ခဲ့ကြပြီး စုပေါင်း အတွဲ (၁)နှင့် (၂) သွေးပူကာယလေ့ကျင့်ခန်းများနှင့် Fitness Dance များပြုလုပ်ခဲ့သည်။
ထို့နောက် လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ အားကစားပြိုင်ပွဲများဖြစ်သည့် မုန့်စားပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ၊ ဇွန်းကိုက်လမ်းလျှောက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများအားကျင်းပခဲ့ရာ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ထို့အပြင် အားကစားပြိုင်ပွဲအသီးသီးတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု ရရှိသူများအား တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
