လားရှိုး ဇန်နဝါရီ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လှူဒါန်းလာသော သီရိလင်္ကာနိုင်ငံမှ မြတ်ဗုဒ္ဓစွယ်တော်ပွားအား သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ရှိ ဓာတ်တော်တိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်သည့် မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံကျောင်းဆောင်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ လားရှိုးမြို့ သံဃာနာယကအဖွဲ့ ဥက္ကဌ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှုးချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားအားစတင်ခဲ့ပြီး မြတ်ဗုဒ္ဓစွယ်တော်ပွားအား ပူဇော်ကန်တော့ကာ ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံက မေတ္တာသုတ် ပရိတ်တရားတော်များနာကြားခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းကာ ဆရာတော်အရှင်သူမြတ်များထံမှ ဩဝါဒကထာ ခံယူ၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ဆက်လက်၍ မြတ်ဗုဒ္ဓစွယ်တော်ပွားအား မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်မှ မြတ်စွာဘုရား၏စွယ်တော်ပွားနှင့် ဘုရားရဟန္တာတို့၏ သရီရဓာတ်တော်များအား ဂန္ဓကုဋိတိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်လှူဒါန်းခြင်း အမွမ်းကို ရွတ်ပွားပူဇော်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက မြတ်ဗုဒ္ဓစွယ်တော်ပွားအား ပင့်ဆောင်၍၊ ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံလျက် တာဝန်ရှိသူများက ဝေါယာဉ်၊ ရတနာကြိုးဖြင့် ပင့်ဆောင်၍ ဓမ္မာရုံကျောင်းဆောင်အားလက်ယာရစ် လှည့်လည်ပူဇော်ခဲ့ပြီး မင်္ဂလာစံကျောင်းဆောင် ဓာတ်တော်တိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့သည်။
ထို့နောက် မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာမြတ်သုံးပါးနှင့် စွယ်တော်၊ ဓာတ်တော်များအား ဖူးမျှော်ကြည်ညို၍ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ် ရွတ်ဆိုပူဇော်ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့အပြင် မြတ်ဗုဒ္ဓစွယ်တော်ပင့်ဆောင်ခြင်း အောင်ပွဲအထိမ်းအမှတ်အနေဖြင့် ကံကော်ပင် စုပေါင်းစိုက်ပျိုးခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
