
လားရှိုး နိုဝင်ဘာ-၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီး ဌာန၊ လားရှိုးတက္ကသိုလ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ၂၄ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှေ့ရှိ အဝင်မုခ်ဦး၌ ကျင်းပသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်တာဝန်ရှိသူများက လားရှိုးတက္ကသိုလ် စတင်ဖွင့်လှစ်သည့် အထိမ်းအမှတ် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ် အဝင်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်စာသင်ခန်းများတွင် ပညာသင်ကြား နေသည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများအား လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက် ကာ အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လားရှိုးပညာရေးဒီကရီကောလိပ်သို့ သွားရောက်၍ ပညာသင်ကြားနေသည့် ပညာရေးဒီရီကောလိပ် ကျောင်းသားကျောင်းသူများအား လှည့်လည် ကြည့်ရှု၍ ရင်းရင်းနှီးနီးနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့ပြီး ကောလိပ်စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ လားရှိုးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများအား ယနေ့မှစတင်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းနှစ်အားလုံးကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့လယ် ၂ နာရီခွဲက ရပ်ကွက် (၁) နယ်မြေ (၁)ရှိ လားဟူနှစ်ချင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် သင်သန်းသား၊ သင်တန်းသူများ လက်ဝယ်သို့ ကုန်ကြမ်းပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ များအကြောင်း၊ လူသုံးကုန် လုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းများအကြောင်း၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Body Scrub၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ ကိုယ်တိုက်ဆပ်ပြာ၊ ပရုပ်ဆီ၊ မှန်ကြည်ဆေး၊ Hand Spray စသည့် လူသုံးကုန်ထုတ်လုပ်နည်းများအား နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားပို့ချမည်ဖြစ်သည်။
ထို့အပြင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ ဦးထဲမှ အမှန်တကယ် အလုပ်လုပ်ကိုင်လို၍ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်သည့် သင်သန်းသား သင်တန်းသူ ၃ ဦး ကို လုပ်ငန်းစတင်လည်ပတ်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း လားရှိုးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး