
လားရှိုး နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲကို နိုဝင်ဘာ ၁၂ရက်နံနက် ၉ နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး လားရှိုးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၁ဦးက ပြိုင်ပွဲအမှတ်စဉ် မဲနှိုက်ခြင်းဖြင့်လည်းကောင်း၊ “အသိပညာတိုးစေ သုတစာပေ”၊ “မေတ္တာပွားစေ ကဗျာစာပေ”၊ “နှလုံးသားလှစေ ရသစာပေ” စသည့်ခေါင်းစဉ်များအား မဲနှိုက်ခြင်းဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အကြိုပြိုင်ပွဲများအနေဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး