
လားရှိုး အောက်တိုဘာ-၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ၃ရက် နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ လားရှိုးခရိုင် အမျိုးသမီးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်အေးအေးဝင်းက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တယားများအကြောင်း ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူးက ပြန်လည်ဖြေကြားဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လားရှိုးမြို့ လူငယ်သင်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းကို ညနေပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းတွင် စောင့်ရှောက်ထားရှိသည့် ကျောင်းသားကျောင်းသူများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းလှူဒါန်းသည့် စုစုပေါင်းအလှူငွေကျပ် ၃၈၅၅၀၀၀ ကျပ်အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းကပေးအပ်လှူဒါန်းရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း လက်ခံရယူခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့