လားရှိုး နိုဝင်ဘာ-၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လားရှိုးတက္ကသိုလ်နှင့် ပညာရေးဒီဂရီ‌ကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်‌ရေး အများပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ၂၂ ရက် နံနက် ၇ နာရီခွဲက အဆိုပါနေရာများ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တွဲဖက်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ လာရှိုးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်း အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်ပေါင်းမြက်ပင်များ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များဆယ်ယူခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ လားရှိုးတက္ကသိုလ်နှင့် ပညာရေးဒီဂရီ‌ကောလိပ်ကျောင်းများအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းနှစ်အားလုံးကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး