လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်‌ရေး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်နှင့် လားရှိုးမြို့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက် (၇) မှ ပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံ သွားရောက်လှူဒါန်း

လားရှိုး၊ မတ်-၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်‌ရေး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က မူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်‌ရေး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်‌ရေး ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျင်းပခဲ့ရာ အ.ထ.က (ခွဲ)၊ အ.လ.က (၅) ကျောင်းမှ  မူလတန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ဒုတိယညွှန်ကြား‌ရေးမှူး ဦးဇော်ဌေးအောင်နှင့် တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲအား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ရပ်ကွက် (၇) ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။ထိုသို့သွား‌ရောက်လှူဒါန်းရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးသီရိသွယ်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ရပ်ကွက် ၇ နယ်မြေ ၁၈ ရှိ သောက်သုံးရေ လိုအပ်လျက်ရှိသည့် လူဦးရေ ၂၄၈ ဦးတို့အတွက် သောက်သုံးရေ စုစုပေါင်း  ၁၈၀၀ ဂါလံအား  သောက်သုံးရေ လိုအပ်လျက်ရှိသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် သွားရောက်လှူဒါန်းခဲ့‌ကြောင်း သိရသည်။