တောင်ကြီး ဇွန်-၁၃
၂၀၂၅ခုနှစ်၊ ပြေစာအပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်စေရေး၊ ရှမ်းပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဇွန်(၁၃)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သောအခွန်စနစ်တစ်ရပ် ဖြစ်စေရေးအတွက် အခွန်နှုန်းထားများ တည်ငြိမ်မှုရှိစေရေးကိုအခြေခံပြီး လက်ရှိကောက်ခံနေသော အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်ကောက်ခံရမည့်နယ်ပယ်(TaxBase)ကို ချဲ့ထွင်၍ကောက်ခံရေးမူဝါဒများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာကောက်ခံနေသည့် စံပြုအခွန်နှုန်းထားများကို လေ့လာကြည့်ပါက ကုမ္ပဏီများအပေါ်ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားမှာ ၂၂ရာခိုင်နှုန်းဖြစ်ပြီး တစ်ဦးချင်းပုဂ္ဂိုလ်အပေါ် ကောက်ခံသည့်ဝင်ငွေခွန်နှုန်းထားမှာ (၀)ရာခိုင်နှုန်းမှ၂၅ရာခိုင်နှုန်းအထိ ဖြစ်ပါကြောင်း၊ သွယ်ဝိုက်ခွန်လို့ခေါ်သည့် ကုန်သွယ်လုပ်ငန်းခွန်မှာ ၅ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စံပြုအခွန်နှုန်းထားများကို ၂၀၂၅ခုနှစ်အတွက် အာဆီယံနိုင်ငံများက ကောက်ခံနေသည့် ပျမ်းမျှအခွန်နှုန်းထားနှင့်နှိုင်းယှဥ်ပါက ကုမ္ပဏီများအပေါ်ကောက်ခံသည့် အာဆီယံပျမ်းမျှအခွန်နှုန်းထားမှာ ၂၁.၂ရာခိုင်နှုန်းဖြစ်၍ မြန်မာနိုင်ငံက ၀.၈ရာခိုင်နှုန်းပိုမိုနေပါကြောင်း၊ တစ်ဦးချင်းပုဂ္ဂိုလ်အပေါ်ကောက်ခံသည့် အမြင့်ဆုံးဝင်ငွေခွန်နှုန်းထားအား အာဆီယံမျမ်းမျှနှုန်းထား ၂၉.၄ရာခိုင်နှုန်းနှင့်နှိုင်းယှဥ်ပါက မြန်မာနိုင်က၄.၄ရာခိုင်နှုန်း လျော့နည်းနေပြီး ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားအား အာဆီယံမျမ်းမျှအခွန် နှုန်းထား၉.၄ရာခိုင်နှုန်းနှင့်နှိုင်းယှဥ်ပါက ၄.၄ရာခိုင်နှုန်း လျော့နည်းနေသေးသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားများသည် အာဆီယံနိုင်ငံများ၏ ပျမ်းမျှအခွန်နှုန်းထားများနှင့်နှိုင်းယှဥ်ပါက နည်းပါးနေသေးသည်ကိုတွေ့ရှိရပြီး လက်ရှိမြန်မာနိုင်ငံမှာရှိသည့် အခွန်ထမ်းပြည်သူများအတွက် သင့်တင့်မျှတသော အခွန်နှုန်းထားတစ်ခု ဖြစ်နေသေးသည်ကိုတွေ့ရှိရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြစ် နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရှိစေရန် စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်း၊ ရွှေနှင့် လက်ဝတ်ရတနာများ ရောင်းချသည့်လုပ်ငန်း၊ ရုပ်သံလွှင့်မီဒီယာဝန်ဆောင်မှုလုပ်ငန်း၊ လက်ကိုင်ဖုန်း(Handset)နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချငည့်လုပ်ငန်း စသည့်လုပ်ငန်း(၅)မျိုးတို့ကို ပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရန်သတ်မှတ်ပြီး လုပ်ငန်း(၅)မျိုး၏ ရောင်းရငွေ၊ ရငွေများမှန်မှန်ကန်ကန်ဖြစ်စေရေး၊ ၎င်းလုပ်ငန်းတို့မှ အခွန်ရငွေတိုးတက် ကောက်ခံရရှိစေရေးကို ရည်မှန်းချက်ထား ဆောင်ရွက်နေသည်ကိုလည်း အခွန်ထမ်းပြည်သူများအား အသိပေးလိုပါကြောင်း၊ အခွန်ထမ်းပြည်သူများကိုအခွန်ဥပဒေများနှင့်အညီမှန်မှန်ကန်ကန်အခွန်ပေးဆောက်လာစေရေး၊တည်ဆဲအခွန်ဥပဒေများကို ရှင်းလင်းစွာသဘောပေါက် နားလည်စေရေးကို ယခုလိုအခွန်ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ရှင်းလင်းပွဲတွင် မိမိသိရှိနားလည်လိုသည့် ကိစ္စရပ်များ၊ မိမိနေ့စဥ်ဆောင်ရွက်နေသည့် အခွန်ဆိုင်ရာကိစ္စရပ်များ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု ရှိ၊မရှိ ယခုရှင်းလင်းပွဲတွင် မေးမြန်းဆွေးနွေးနိုင်မှာဖြစ်သည့်အတွက် ဥပဒေနှင့်အညီနေထိုင်လိုသည့် အခွန်ထမ်းပြည်သူများအနေဖြင့် များစွာအကျိုးရှိမည်ဟု ယုံကြည့်မျှော်လင့်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများမှ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းသည့်အခွန်များအနက်မှ ရှမ်းပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ – ၂၀၂၃ဘဏ္ဍာနှစ်တွင် ကျပ်(၁၂.၃)ဘီလီယံ၊၂၀၂၃ – ၂၀၂၄ဘဏ္ဍာနှစ်တွင် ကျပ်(၂၀.၅)ဘီလီယံ၊ ၂၀၂၄ – ၂၀၂၅ဘဏ္ဍာနှစ်တွင် ကျပ်(၁၇.၈)ဘီလီယံ သုံးစွဲပေးခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများသည် ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ဂုဏ်ယူစွာ အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။
ထိုနောက် ရှမ်းပြည်နယ်အခွန်ဦးစီဌာနမှူးက ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် အခွန်ဆိုင်ရာ သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးရာ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး