
တာချီလိတ် နိုဝင်ဘာ-၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ(၂၀)ရက် နံနက် (၁၀)နာရီက တာချိတ်လိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ကျင်းပသည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်အား အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)မှ ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကအဖွဲ့တို့မှ အလေးပြုကြသည်။
ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအဖွဲ့၊ အကအဖွဲ့များနှင့် အားကစားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကျင်းပရာ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)မှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့´´အဖွင့် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ ပံ့ပို့မှုနှင့်အတူ ၂၀၂၄ ခုနှစ်ကစတင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေများနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားစေရန်အတွက် ရည်ရွယ်ကျင်းပသည့် ပွဲတော်ဖြစ်ပါကြောင်း၊၂၀၂၅ ခုနှစ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးလှူဒါန်းငွေ ကျပ်သိန်း(၃၉၀)ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် (၈)ကြိမ်၊ မြောက်ပိုင်းတွင် (၂)ကြိမ်၊ အရှေ့ပိုင်းတွင် (၃)ကြိမ် စုစုပေါင်း(၁၃)ကြိမ် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အမှန်တကယ်အကျိုးဖြစ်စေနိုင်သည့် စာအုပ်၊စာပေများကို သက်ဆိုင်ရာစာကြည့်တိုက်များတွင် ထားရှိပေးနိုင်ရေးအတွက် တာဝန်ရှိသူ များက ကြီးကြပ်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ စာပေဖတ်ရှုရာတွင် အပျော်ဖတ်စာပေများ ကစပြီး ဗဟုသုတရရှိသည့် စာပေအထိဖတ်ရှုရန်လိုအပ်ပါကြောင်း၊ ယနေ့ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖရှိန်မြှင့်တင်ရေးပွဲတော်ကို ရည်ရွယ်ချက်ရှိစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် တာဝန်ရှိသူများအားလုံးက အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် ဟောင်လိတ်၊ ဆန်ဆိုင်း၊ အခြေခံပညာအထက်တန်းကျောင်းတာချီလိတ် ဘင်ခရာတပ်ဖွဲ့များတွင် ဘင်ခရာပစ္စည်းများ ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် ချီးမြှင့်ငွေများအားလည်းကောင်း၊ စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များအားလည်းကောင်း ပေးအပ်ရာ ကျိုင်းတုံခရိုင်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတို့က လက်ခံရယူကြသည်။ ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အလှူငွေနှင့်သုတရတစာအုပ် များအားလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိသူများအား လည်းကောင်း ပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ဆုရကျောင်းသား၊ ကျောင်းသူများမှ လက်ရယူကြသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြို့မိမြို့ဖတစ်ဦးတို့က ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ တာချီလိတ်မြို့မိမြို့ဖ အလှူရှင်များမှ အထက်တန်းကျောင်း(၃)ကျောင်းအတွက် ဘင်ခရာပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ရန်နှင့် စာကြည့်တိုက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လက်ခံရယူပြီး အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ´´ တေးသီချင်းဖြင့် ဖျော်ဖြေတင်ကြသည်။
ထို့နောက် ပြည်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူသည် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ခုံဖိနပ်စီးပြိုင်ပွဲ၊ ခွက်နင်းကစားပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ ကျောင်းသား၊ ကျောင်းသူများမှ ရုပ်ပုံဆက်၊ စကားပုံဆက်၊ မြားပစ်၊ ဆေးရောင်ခြယ်၊ အရုပ်ခေါက်ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးကြပြီး အနိုင်ရရှိသူများကို ဆုများ ချီးမြှင့်ပေး၍ ပညာဗိမာန်စာကြည့်တိုက်၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ သိပ္ပံပြခန်းနှင့် အခြေခံပညာကျောင်းများ သိပ္ပံပြခန်းတို့ အားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် တာချီလိတ်ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ တာချီလိတ်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တာချီလိတ်မြို့ ရေကြီးရေလျှံမဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ ရေကြီးရေလျှံလျော့နည်းရေး လုပ်ငန်းများနှင့်စပ်လျဥ်း၍ ဖြေရှင်းဆောင်ရွက်ပြီးသော်လည်း ပြန်လည်ဖြစ်ပေါ်လျက်ရှိသဖြင့် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲကာလတွင် ခရိုင်၊ မြို့နယ်များက လုပ်ငန်းများကို ဦးစားပေးအဆင့်လိုက် စနစ်တကျ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်သောရွေးကောက်ပွဲဖြစ်ရန် လိုအပ်ပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ခွင့်ရရှိအောင် ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပြည်သူလူထုကို အကျိုးပြုမည့်လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေးကို စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးကြရန်နှင့် ပြဋ္ဌာန်းထားသည့် နည်းဥပဒေ၊ ဥပဒေနှင့်အညီ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်ကိုမင်းက တာချီလိတ်မြို့ ရေကြီးရေလျှံမှု လျော့နည်းစေရေး လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုးက နှုန်းရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြီးရေလျှံမှုလျော့နည်းရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ရေကြီးရေလျှံလျော့နည်းရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဥ်း၍ လည်းကောင်း၊ အမှိုက်စွန့်ပစ်မှုများ စနစ်တကျရှိစွန့်ပစ်စေရေးနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြီး တြိဂံဒေတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က ရေကြီးရေလျှံမဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားရာ ရေကြီးရေလျှံမဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေး ကိစ္စရပ်များကို နိုင်ငံတော်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် ပိုင်းခြားဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ရေကြီးရေလျှံမဖြစ်ပေါ်စေရေး ကာကွယ်တားဆီးနိုင်ရန် တာချီလိတ်မြို့၊ ပုန့်ထွန်ရပ်ကွက်ရှိ ကွန်ကရစ်ရေကာနံရံ အရှည်(၁၄၂၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်းအား မြေပြင်ကွင်းဆင်းသွားရောက် ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်စပ်လျဥ်း၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ရေကြီးရေလျှံ ဖြစ်ပွားသည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး