တောင်ကြီး နိုဝင်ဘာ-၁၄
၂၀၂၅ခုနှစ် ရှမ်းပြည်နယ်(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ(၁၄)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သညသဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖတ်ကြားသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအားဆုချီးမြှင့်ပေးရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အခြေခံပညာအထက်တန်းအဆင့်တွင် စာစီစာကုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အခမ်းအနားတွင် ဖျော်ဖြေပေးကြသည့် အမှတ်(၃)နှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတို့အား ဆုနှင့်ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးက အခြေခံပညာအလယ်တန်းဆင့် စာစီစာကုံးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိသူများကို လည်းကောင်း၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူချုပ်ဦးသန်းဦးလွင်က အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အခြေခံပညာအလယ်တန်းဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း ဆုချီးမြှင့်ပေးကြသည်။
ယင်းနောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“မြန်မာ့ကျောင်း´´သီချင်းဖြင့် သီဆိုဖျော်ဖြေပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြကြောင်းသိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး