တောင်ကြီး မတ်_၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသွင်အောင် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ နိုင်ငံခြားသား ပညာရှင်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ နှင့် အတူမတ်(၈)ရက်မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၏ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant) စီးပွားဖြစ် စတင် လည်ပတ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ရုရှားဖက်ရေးရှင်းနိုင်ငံ၊ TPE Co.,Ltd. မှ ပညာရှင်များမှ LIquid Nitrogen(-196 ဒီဂရီဆဲလ်စီးရပ်) ၏ ဂုဏ်သတ္တိအား နှင်းဆီပန်းဖြင့် စမ်းသပ်သရုပ်ဖော်ပြသသည်။ ဆက်လက်၍ အခမ်းအနား အစီအစဉ်အရ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ၊ TPE Co.,Ltd. မှ ဒုတိယ ဒါရိုက်တာ Mr. Kopylov SerGei နှင့် အဖွဲ့ခေါင်ဆောင် Mr.Senin Alexander တို့က အလုပ်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် က အလုပ်ရုံ ကမ္ဗည်းမော်ကွန်းနှင့် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းကြေးပြား အမွှေးနံ့သာရည် ပက်ဖျန်းသည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အလုပ်ရုံ ထိန်းချုပ်ခန်းအတွင်း စက်စမ်းသပ် လည်ပတ်မောင်းနှင်နေမှု အခြေအနေများကို လှည့်လည် ကြည်ရှုအားပေးသည်။
ထို့နောက် စက်ရုံရှင်းလင်းဆောင်ခန်းမ၌ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ ထုတ်လုပ်သည့် အလုပ်ရုံဆောင်ရွက်ခဲ့မှုမှတ်တမ်းအကျဉ်း Video Clip ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သည် နိုင်ငံတော်နှင့် ရှမ်းပြည်နယ်အတွက် ဂုဏ်ယူရမည့်နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် လွတ်လပ်ရေးရပြီးကာစ ၁၉၅၄ ခုနှစ်ကပင် သံသတ္တု ရိုင်းများ တူးဖော်ထုတ်လုပ်မည့် စက်ရုံကြီးပေါ်ပေါက်လာရေးအတွက် တာဝန်ရှိများက ဆောင်ရွက်ခဲ့ကြကြောင်း၊ ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့သည့် သံမဏိစက်ရုံ တည်ဆောက်ရေး ရည်ရွယ်ချက်မှာ ယနေ့အချိန်တွင် အတိုင်းအတာတစ်ခုထိ အောင်မြင် ခဲ့ပြီဖြစ်ကြောင်း၊ စက်ရုံ၏ အဓိက သံရည်ကျိုမည့် မီးဖိုကြီးအား လိုအပ်သောသံရည်ပျော်သည့် အဆင့်ထိ ရရှိနိုင်အောင် အထောက်အကူပြုမည့် အောက်ဆီဂျင်နှင့် နိုင်ထရိုဂျင်ထုတ် လုပ် သည့် အလုပ်ရုံအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ သံရည်ကျိုလုပ်ငန်း၏ အဓိကလိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်ကို ယခုအလုပ်ရုံမှ လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါ‌ကြောင်း၊ နိုင်ငံတော်၏ သံနှင့် သံမဏိလိုအပ်ချက်မြင့်မားနေချိန်တွင် ဤစက်ရုံမှ ထုတ်လုပ်သော သံရိုင်းတုံးမှတဆင့် သံမဏိသို့ အဆင့်ဆင့် ထုတ်လုပ်သွားနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ လိုလားချက်ကို များစွာဖြည့်ဆည်း ပေးနိုင်မည့် စက်ရုံကြီးလည်း ဖြစ်ကြောင်း၊ ယခုအလုပ်ရုံကြီးအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံမှ ပူးပေါင်း ဆောင်ရွက်နေသော အင်ဂျင်နီယာများကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ၊ ပင်းပက်သံမဏိစက်ရုံသည် ရှမ်းပြည်နယ်၏ ဒေသတွင်း သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး ပြည်နယ်တွင်း စက်မှုကဏ္ဍ ၊ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရုံသာမက အလုပ်အကိုင်အခွင့် အလမ်းများလည်း များစွာပေးအပ်နိုင်မည် ဖြစ်ကြောင်း၊ ဆက်လက်လုပ်ဆောင်ရန်ကျန်ရှိသော အလုပ်ရုံ (၂)ရုံဖြစ်သည့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံ နှင့် ရိုးမက်အလုပ်ရုံအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်ပြောကြားသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသွင်အောင်က ယနေ့သည် စက်မှုဝန်ကြီးဌာနအတွက်သာမက နိုင်ငံတော်၏ သံမဏိကဏ္ဍအတွက်ပါ အလွန်ထူးခြားသည့် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည့်နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်)၏ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံကို စမ်းသပ်လည်ပတ်နိုင်ခြင်းသည် စီမံကိန်းကြီး တစ်ခုလုံး အောင်မြင်ရန်အတွက် အဆုံးအဖြတ်ပေးမည့် အဆင့်တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာအင်ဂျင်နီယာများအနေဖြင့် ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း၍ ခေတ်မီနည်းပညာများကို လက်တွေ့လေ့လာ ဆည်းပူးခွင့်ရခြင်းသည်လည်း နိုင်ငံအတွက် ရေရှည်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါကြောင်း၊ စက်ပစ္စည်းများကို စမ်းသပ်လည်ပတ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်း ပြည့်မီရေးကို အထူးဂရုပြုရန် မှာကြားလိုပါကြောင်း၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် ရုရှား-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ ကျန်ရှိသည့် စက်ရုံအစိတ်အပိုင်းများကိုလည်း သတ်မှတ်အချိန်ဇယားအတွင်း အောင်မြင် ပြီးမြောက်အောင် ဆက်လက်ကြိုးပမ်းသွားကြရန် ပြောကြားသည်။
ထိုနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူ တစ်ဦးမှ အလုပ်ရုံနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အား ဂါရဝပြု အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ ရုရှားပညာရှင် အဖွဲ့ ခေါင်းဆောင်အား ဂုဏ်ပြုလက်ဆောင်ကို လည်းကောင်း ပေးအပ်ကြပြီး ခန်းမအတွင်းကျင်းပြသထားသေ ာအမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တည်ဆောက်မှုသမိုင်းမှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့