တောင်ကြီး မတ်-၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်(၃)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် (၂/၂၀၂၆)လ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က G-12စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်များရရှိရန်နှင့် အောင်ချက်မြင့်မားရေးကို မြို့နယ်ရှိစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း အောင်ချက်မြင့်မားရေးအတွက် G-12ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ရှိစာသင်ဆောင်များတွင် ကျောင်းအိပ်၊ ကျောင်းစာသင်ကြားဖွင့်လှစ်ပေးရန်နှင့် နေထိုင်စားသောက်ရေးကိစ္စရပ်များကို မြို့နယ်ရှိအဖွဲ့များက ဆောင်ရွက်ပေးပြီး သင်ကြားရေးပိုင်းကို ပညာရေးဌာနမှ တာဝန်ယူဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်၊ တရားမဝင်ကုန်သွယ်မှုများတွင်လည်း တင်းကြပ်စွာဆောင်ရွက်နေသောကြောင့် တရားမဝင်ကုန်သွယ်မှုများရှိပါက သက်ဆိုင်ရာမှ ဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေးကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း မိမိဝန်ထမ်းများကို နားလည်သဘောပေါက်အောင် ပြောကြားပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ စိစစ်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ သဘာဝပေး ထောက်ပံ့ပေးအပ်ရာတွင်လည်း တုံ့ဆိုင်းမှုမရှိအောင် ပြည်သူများလက်ထဲရောက်ရှိအောင် ဆောင်ရွက်ပေးရန် ညွှန်ကြားချက်များရှိပြီးဖြစ်၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးရန်နှင့် မှတ်တမ်းမှတ်ရာများထားရှိ၍ ခရိုင်များက ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း မကြာမီသင်္ကြန်ကာလရောက်တော့မည်ဖြစ်၍ မိရိုးဖလာနှင့်ကိုက်ညီသော သင်္ကြန်ကျင်းပဆောင်ရွက်ပေးကြရန်နှင့် ပြည်နယ်အဆင့်တွင် ကော်မတီဖွဲ့စည်း၍ မိရိုးဖလာဖြင့်ပျော်ရွှင်စွာကျင်းပပေးရန် လိုအပ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်တွင် ဖွင့်လှစ်ရှိသောသင်တန်းများကိုလည်း တိုးတက်မှုရှိအောင် တာဝန်ခံဆောင်ရွက်ထားသည့်ဌာနများက ကြီးကြပ်ဆောင်ရွက်ပေးကြရန်၊ ဘဏ္ဍာရေးဘတ်ဂျက်လ ကုန်ဆုံးတော့မည်ဖြစ်၍ စီမံကိန်းလုပ်ငန်းများကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းများကိုလည်း စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ပေးကြရန်နှင့် စီမံကိန်းလုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်ပးကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးတွင်လည်း နိုင်ငံတော်၏လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းကာလ ရှိနေမှာဖြစ်ကြောင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများကလည်း ဆွေးနွေးသွားသည့်အချက်များအပေါ် အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ယခင်လအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် online မှတက်ရောက်သည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)မှ လုပ်ငန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ရှင်းလင်းတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လုပ်ငန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အထွေထွေဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံဝန်ထမ်းများနှင့်ပတ်သက်၍ လမ်းညွှန်ချက်များအား ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့