
တောင်ကြီး နိုဝင်ဘာ-၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ် မဟာဗျူဟာဖိုရမ်-၂၀၂၅ တွင်ပါရှိသည့် ပထဝီ၊ နိုင်ငံရေး၊ စီးပွားရေးနှင့်အဆင့်မြင့်ပညာရေးတွင် သုတေသနအရေးပါမှုအကြောင်း အသိပညာပေးဟောပြောပွဲနှင့်လူငယ်စစ်တမ်းဖြေဆိုခြင်းကို နိုဝင်ဘာလ (၈) ရက်၊ နံနက် (၉) နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပညာရေးဒီဂရီကောလိပ်(တောင်ကြီး)မှ သင်တန်းသား၊ သင်တန်းသူများက လူငယ်စွမ်းရည်သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အမှာစကားပြောကြားရာ လူငယ်များ သည် လူ့ဘောင်အဖွဲ့အစည်းအတွက် အားကိုးအားထားပြုရသည့် တန်ဖိုးမဖြတ်နိုင်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး အနာဂတ်ကမ္ဘာကိုပုံဖော် ရေးဆွဲကြမည့် အနာဂတ် ခေါင်းဆောင်များဖြစ်ကြပါကြောင်း၊ ခေတ်စနစ်များ မည်ကဲ့သို့ပြောင်းလဲစေကာမူ လူငယ် မျိုးဆက်သစ်များသည် အတွေးအခေါ်၊ အတွေ့အကြုံ၊ အရည်အသွေး၊ အစွမ်းအစများနှင့် ပြည့်စုံကာ ထူးချွန်ထက်မြက်နေသူများ ဖြစ်ကြရမှာဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် အတွေး အခေါ်ထက်မြက်မြင့်မားသည့် လူသားအရင်းအမြစ်များနှင့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဥ်းနိုင်မှာဖြစ်ပါကြောင်း၊ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံအသိပညာဗဟုသုတများရှိစေရန်၊ လူငယ်များအကြားခေါင်းဆောင်မှု၊ စူးစမ်းစဥ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု အရည်အချင်းမြှင့်တင်ရန်၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန် လူငယ်များ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများကို ရှုမြင်အဆိုပြုနိုင်စွမ်း မြှင့်တင်ရန်၊ အနာဂတ်တွင်အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့်လုပ်ငန်းအစီအစဥ်များအတွက် တက်ကြွသည့် ဖိုရမ်ဆင်းလူငယ်ကွန်ယက်ကို ဖန်တီးပေးရန် စသည့်ရည်ရွယ်ချက်များနှင့် ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်းပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးနှင့် လူငယ်စွမ်းရည်သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြသည့် ပညာရေးဒီဂရီကောလိပ် (တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။
ယင်းနောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်(၂၀၂၅)ပါ ပထဝီ၊ နိုင်ငံရေး၊ စီးပွား ရေးနှင့်အဆင့်မြင့် ပညာရေးတွင် သုတေသနအရေးပါမှုအကြောင်းများ အသိပညာပေးဟောပြောသည်။
ဆက်လက်၍ အသိပညာပေးဟောပြောခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများနှင့် အမေးအဖြေကဏ္ဍများပြုလုပ်ခြင်း၊ လူငယ်စစ်တမ်းဖြေဆိုခြင်း၊ စစ်တမ်းတွေ့ရှိချက်အချို့ ပြန်လည်တင်ပြခြင်း၊ သုတေသန အခွင့်အလမ်းများအကြောင်း ရှင်းလင်းဖြေဆိုခြင်းများ ဆောင်ရွက်ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး