တောင်ကြီး စက်တင်ဘာ-၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းနှင့် စပ်လျဥ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြခြင်းကို စက်တင်ဘာလ (၅)ရက်၊ နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်အဓိကကျသော အုပ်ချုပ်ရေးမြို့တော် ဖြစ်သည့် အပြင် လမ်းဆုံမြို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် ရှေးဟောင်း ယဥ်ကျေးမှု အမွေအနှစ်အခြေပြု ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကဏ္ဍကိုဗဟိုပြုသည့် စံပြမြို့အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက ကျိုင်းတုံမြို့၊ မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲထားသည့် အဆိုပြုချက်များအပေါ် ဆောင်ရွက်နိုင်သည့် မြို့ပြစနစ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးအကြံပြု ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာချီလိတ်၊ မိုင်းဆတ်သွားလမ်း၊ မိုင်းခတ်၊ မိုင်းယန်းသွားသည့် မြို့ရှောင်လမ်းများ ကောင်းမွန်အောင်ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ ယာဥ်ရပ်နားစခန်းများ၊ ဝန်ထမ်းအိမ်ရာများကို စဥ်းစားဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းများ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မြို့ပြစနစ်တကျရှိစေရေးအတွက် မြို့တွင်းနေရာများတွင် အမြင်မတော်သည့် ဆက်သွယ်ရေးကြိုးနှင့် တိုင်များကို စနစ်တကျ ကန့်သတ်ထိန်းချုပ် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ညစျေးတန်း ကိစ္စရပ်များကို လည်းဦးစားပေး ကဏ္ဍအလိုက် စဥ်းစားဆောင်ရွက်ပေးကြရန်နှင့် ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် တိမ်ကောနေသောချောင်းများ ပြန်လည်တူးဖေါ်ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး