
တောင်ကြီး စက်တင်ဘာ-၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် (၉/၂၀၂၅)လ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဥ်များ အောင်မြင်စွာကျင်းပနိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဟန့်တား၊ တားဆီး၊ နှောင့်ယှက်သူများရှိပါက ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အတွင်း တရားမဝင် ကုန်သွယ်မှုများမရှိစေရေး တာဝန်ရှိသူများက ထိထိရောက်ရောက် ဟန့်တား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေမည်ဖြစ်ပြီးလက်နက်ကိုင်အကြမ်းဖက်မှုများကို လျော့ကျစေနိုင်မည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်နေမှုများကို ဖော်ထုတ်တားဆီးပေးရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေးကို စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများက မြေပြင်ကွင်းဆင်း၍ စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံမှု အားနည်းနေပါကြောင်း၊ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသဖြင့် အားလုံးကဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားလိုကြောင်း၊ ဆီထွက်သီးနှံ များတွင် မြေပဲ၊နေကြာ၊နှမ်းစသည့် သီးနှံများစိုက်ပျိုးရန်လျာထားချက်ရှိပြီးဖြစ်၍ တောင်သူအသိပညာပေးလုပ်ငန်းများကို ထဲထဲဝင်ဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ သစ်တော၊ သစ်ပင် ထိန်းသိမ်းရေးတွင် စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်အောင် တာဝန်ရှိသူများက စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ထင်းရှူးဆီထုတ်လုပ်သူများကို ဥပဒေနှင့် အရေးယူအညီဆောင်ရွက်ရန်သက်ဆိုင်ရာဌာနအားမှာကြားလိုကြောင်း၊MSMEလုပ်ငန်းများတွင်ထုတ်ကုန်များ စျေးကွက်ကို တိုက်ရိုက်ရောင်းချနိုင်ရေးနှင့်စျေးကွက်ရရှိအောင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးဇုန် ကဏ္ဍတွင် ရှမ်းပြည်နယ်အတွင်း ဇုန်(၄)ဇုန်သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးဇုန်(၃)ကိုလည်းထပ်မံ တိုးချဲ့ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက်မြေနေရာရယူထားသည့် လုပ်ငန်းရှင်များမှ မြေပြင်တွင် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ထားမှုရှိ၊ မရှိစိစစ်တင်ပြရန်လိုအပ်ကြောင်း၊ မြေအသုံးချမှုမှန်ကန်မှုရှိစေရန်သက်ဆိုင်ရာဌာနများက စိစစ်ဆောင်ရွက်ပေးကြရန်နှင့် တောင်သူများ၏ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကူညီထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာဌာနများကပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းမှ ယခင်လအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများအားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များ အပေါ်ပြန်လည် ဖြည့်စွက်ဆွေးနွေးရာ စည်ပင်သာယာရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှိုက်စွန့်ပစ်ရေးကိစ္စရပ်များသည် အမိန့်ညွှန်ကြားချက်များရှိပြီးဖြစ်၍ လုပ်ငန်းကို စနစ်တကျ စီမံချက် ချမှတ်ဆောင်ရွက်သင့်ပါကြောင်း၊သက်ဆိုင်ရာဌာနများကလည်း စည်ပင်သာယာရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ လမ်းကိစ္စရပ်များတွင် လည်း အချိန်မီပြီးစီးရေး၊ ရေရှည်ခိုင်ခန့်ကောင်းမွန်ရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊စိုက်ပျိုးရေးကဏ္ဍတွင် မျိုးစပါးရရှိရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ က မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့်ထိတွေ့ ဆောင်ရွက်ပေးကြရန်၊ တောင်သူများစပါးမျိုးစေ့ချကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ သရုပ်ပြပွဲများ၊သင်တန်းများပြုလုပ်ပေးနိုင်ရေး စနစ်တကျစီမံချက် ရေးဆွဲတင်ပြပေးရန်လိုအပ်ပါကြောင်းဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ယင်းနောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်အတွင်းရေးမှူး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများက ကဏ္ဍအလိုက်လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး