တောင်ကြီး ဇူလိုင်-၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၅)လ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၂၅)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၅ခုနှစ်ဇွန်လက ဆောင်ရွက်ခဲ့သည့် အစည်းအဝေးတွင် ပြည်ထောင်စုနှင့်ကျင်းပခဲ့သော အစည်းအဝေး၌ လမ်းညွှန်ချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်တာဝန်များ မပြီးမြောက်သေးသည့်အတွက် ထပ်မံမှာကြားရသည်ကို သတိပြုဆောင်ရွက်ပေးစေလိုကြောင်း၊ မူဝါဒအရ မိမိဒေသအလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စားရေရိက္ခာဖူလုံရေးအတွက် ဆန်၊ ဆီ၊ အသား၊ ငါးများဖူလုံရေးအတွက် စဥ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ဆန်ဖူလုံမှုမရှိသေးသည့်ပြည်နယ် (၆) ခုတွင် ပါဝင်နေမှုကို တွေ့ရှိရပါကြောင်း၊ သို့သော် စိုက်ပျိုးရေးဌာနမှ မြေပြင်အချက်အလက်များ တင်ပြချက်အရ ရှမ်းပြည်နယ်သည် ဆန်ဖူလုံမှုရှိသည်ကို တွေ့ရပါကြောင်း၊ ဆီဖူလုံမှုကို(၇၇-၇၈)ရာခိုင်နှုန်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အသား၊ ငါးထုတ်လုပ်မှုတွင် အချို့ခရိုင်များ၌ ထုတ်လုပ်မှုများပါကြောင်း၊ တောင်ကြီးခရိုင်၊ ကလောခရိုင်တို့တွင် မွေးမြူရေးဇုန်များရှိသည့်အတွက် ထုတ်လုပ်မှုများပါကြောင်း၊ အချို့ခရိုင်များတွင် အသား၊ ငါး၊ ဆန်၊ ဆီ ဖူလုံမှုမရှိသေးသဖြင့် စီမံချက်ချမှတ်ကာ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှု များများထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်များကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းဖြင့် အထွက်နှုန်းပမာဏရရှိအောင် ခရိုင်အလိုက် အလေးထားပြီးဆောင်ရွက် ပေးကြရန်ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ပန်းတိုင်အထွက်နှုန်း ကောင်းမွန်ရေးနှင့် သီးထပ်စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တစ်ခုတည်းက ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ ခရိုင်များမှ တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်၌ ဆီဖူလုံရေးအတွက် ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ထားသည့် လျာထားချက်များနှင့်အညီ စိုက်ပျိုးပေးရန်နှင့် မျိုးလိုအပ်ချက်များကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆောင်ရွက်ပေးစေလိုကြောင်း၊ ကော်ဖီစိုက်ပျိုးရေးတွင်လည်း တိုးချဲ့စိုက်ပျိုးပေးရန်နှင့် လိုအပ်ချက်များရှိပါက ပေါင်းစပ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း မွေးမြူရေးဇုန်များ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများတွင် ကြန့်ကြာမှုမရှိရအောင် စီမံဆောင်ရွက်ပေးစေလိုကြောင်း၊ ကျိုင်းတုံမြို့တွင်လည်း မွေးမြူရေးဇုန်ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လျာထားချက်များကို တင်ပြပေးရန်လိုအပ်ပါကြောင်း၊ မြေယာအသုံးချမှုတွင် သက်ဆိုင်ရာဥပဒေအတိုင်း စည်းကမ်းတကျ၊ နည်းလမ်းတကျ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိုးရာသီကာလတွင် သစ်တော၊ သစ်ပင်များ စိုက်ပျိုးလျက်ရှိရာ ရှမ်းပြည်နယ်တွင် အင်းလေးကန် ရေဝေရေလဲဒေသအတွက် သစ်တောဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် ပြည်သူလူထုများပါဝင်လာအောင် အသိပညာပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် သဘာဝရေထွက်များရှိသည့်အတွက် ရေထွက်ရေများမှ သောက်ရေ၊ သုံးရေများ အကျိုးပြုလျက်ရှိရာ ရေထွက်များမတိမ်ကောစေရေးအတွက် သစ်ပင်များ စိုက်ပျိုးပေးရန်နှင့် သက်ဆိုင်ရာဌာနများမှ ထိန်းသိမ်းပေးရန်လိုအပ်ပါကြောင်း၊ MSMEလုပ်ငန်းနှင့်စပ်လျဉ်း၍ စက်မှုလယ်ယာပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ပေးရန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကိုလည်း တိုးမြှင့်ထုတ်လုပ်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းရှိပစ္စည်းများကို ကုန်ကြမ်းအဖြစ် အသုံးပြုရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ဝါးပေါက်ရောက်မှုများသဖြင့် ဝါးလက်မှုလုပ်ငန်းများနှင့် ပတ်သက်သည့်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ပေးရန် လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍ၌လည်း ကျောင်းအပ်နှံမှု၌ ရှမ်းပြည်နယ်တွင် ယခင်နှစ်က (၇)သိန်းကျော်ရှိပြီး ယခုနှစ်တွင်(၆) သိန်းကျော်သာရှိသည့်အတွက် ပညာရေးကို အလေးထားဆောင်ရွက်နေသဖြင့် သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် ပညာရေးမှူးများမှ စိစစ်ပေးရန် လိုအပ်ပါကြောင်း၊ သင်ကြားရေးပိုင်းတွင်လည်း အချို့ကျောင်းများတွင် ဆရာ၊ ဆရာမများ လိုအပ်လျက်ရှိနေသည်ကို သက်ဆိုင်ရာပညာရေးဌာနမှ အလေးထားပေါင်းစပ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ မြို့သာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ အမှိုက်များကို စည်းကမ်းစနစ်တကျစွန့်ပစ်ရေး ပြည်သူလူထုကို အသိပညာပေးရန်လိုအပ်ပါကြောင်း၊ မြို့တွင်းလမ်းများ ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူလူထုများပါဝင်လာအောင် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုကိစ္စရပ်များတွင် တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်တွင် သစ်၊ သတ္တု တရားမဝင် ဆောင်ရွက်နေမှုများကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်ဆင့်ခေါ်ရေးတွင်လည်း နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရသည်မှာ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါကြောင်းနှင့် ဆက်စပ်သည့် ဌာနများက ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားတစ်ယောက်သည် နိုင်ငံတော်ကိုကာကွယ်ရန်အတွက် ဥပဒေအရ တာဝန်ရှိပါကြောင်း၊ ရွေးကောက်ပွဲကိစ္စရပ်များတွင်လည်း ညွှန်ကြားချက်အတိုင်း စနစ်တကျဆောင်ရွက်ပေးရန်နှင့် မဲစာရင်းမှန်ကန်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြများချက် အပေါ်ပြန် လည်ဖြည့်စွက်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး