ဟိုပုံး ဇူလိုင် ၂၄
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မိုးသီးနှံမျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့ချကိရိယာ၊ မျိုးစေ့၊ ဓာတ် မြေဩဇာနှင့် သဘာဝမြေဩဇာများပေးအပ်ခြင်းက ဇူလိုင်လ(၂၄)ရက် နံနက် ၉ နာရီခွဲက စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက တောင်သူများအား မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့်နည်းပညာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် မျိုးစေ့ချကိရိယာ၊ မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာတို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ၌ အဓိကသီးနှံများဖြစ်သော မိုးစပါး(၂၂၄၃၃)ဧက၊ အစေ့ထုတ်ပြောင်း(၂၉၃၃၂)ဧက၊ မြေပဲ(၂၂၃၅)ဧက၊ နေကြာ(၁၂၉)ဧက၊ ပဲပုပ်(၁၃၈၇)ဧကနှင့် အာလူး(၃၉၂)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသတွင်းတောင်သူများ မျိုးစေ့ဖူလုံစေရေးအတွက် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများဖော်ဆောင်ခြင်းနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက် စေရေးအတွက် အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်၊ အာလူးသီးနှံ စံပြစိုက်ခင်းများကို ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းဆောင်ရွက်သော တောင်သူများအတွက် Seeder(၅)ခုနှင့် တစ်ဧကလျှင် ယူရီးယားမြေဩဇာ(၁)အိတ်၊ ကွန်ပေါင်း မြေဩဇာ(၁)အိတ်နှင့် သဘာဝမြေဩဇာ(၄)အိတ်နှုန်းဖြင့် မြို့မအုပ်စု၊ ပေါင်လင်းကျေးရွာအုပ်စုနှင့် နမ့်ခုတ်ကျေးရွာအုပ်စုတို့မှ စိုက်ခင်း(၅၂)ဧက၊ တောင်သူ(၂၅)ဦးအတွက် ဓာတ်မြေဩဇာ (၁၀၄) အိတ် နှင့် သဘာဝမြေဩဇာ (၂၀၈) အိတ်တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး