
တောင်ကြီး ဇွန်-၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မျိုးအာလူးအအေးခန်း သိုလှောင်ရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အောင်ပန်းအာလူးအစုအဖွဲ့ (AUNG BAN POTATO CO.,LTD)မှ ဇွန်(၂၃)ရက်မွန်းလွဲ(၂)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းတင်ပြသည်။
ရှေးဦးစွာ အောင်ပန်းအာလူးအစုအဖွဲ့မှ အာလူးသိုလှောင်အအေးခန်းစက်ရုံ တည်ဆောက်မည့်စီမံကိန်းနှင့်စပ်လျဥ်း၍ နောင်တရားအာလူးအစုအဖွဲ့မှ ဦးခွန်ဆန်းဦးက မြန်မာနိုင်ငံရှိ စားသုံးပြည်သူများ အာဟာရရှိပြီး အရည်အသွေးပြည့် အာလူးစားနပ်ရိက္ခာဖူလုံနိုင်စေရန်နှင့် ဝယ်လိုအား၊ ရောင်းလိုအား ထိန်းညှိနိုင်စေရန်အတွက်လည်းကောင်း၊ စိုက်ပျိုးတောင်သူများ အာလူးစိုက်ပျိုးမှုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် မျိုးအာလူးသိုလှောင်နိုင်ရေးနှင့် စျေးကွက်မျှဝေရန်အတွက်လည်းကောင်း၊ စားသုံးသူ၊ တောင်သူ၊ ကုန်သည်၊ ဖိုခနောက်ဆိုင် စီးပွားအကျိုးဖြစ်ထွန်းစေရန်အတွက် အာလူးတာရှည်သိမ်းဆည်းနိုင်ရန် ခေတ်မီသိုလှောင်ရုံ (Cold Storage)အာလူးအအေးခန်း စက်ရုံများတည်ဆောက်ရန် လိုအပ်ချက်အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြရာ တင်ပြချက်များအပေါ်ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်မီးကိစ္စနှင့်ပတ်သက်၍ ရေရှည်အတွက်ပိုမိုကောင်းမွန်သည့် ဆိုလာမီးစနစ်ကို ဦးစားပေးစဥ်းစားသင့်ပါကြောင်း၊ မြေနေရာနှင့်စပ်လျဉ်းပြီး အခြားနည်းသူံးစွဲခွင့်ရရှိရေးအတွက် သက်ဆိုင်ရာဌာနများမှ ကြန့်ကြာမှုမရှိစေရေး အလေးထားဆောင်ရွက်ပေးစေလိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားကြောင်းသိရသည်။
အဆိုပါ အောင်ပန်းအာလူးအစုအဖွဲ့၏ အာလူးမျိုးသိုလှောင်ရုံ အအေးခန်းစီမံကိန်းကို ၂၀၂၅ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွက် အစုရှယ်ယာတစ်စုလျှင် ကျပ်သိန်းသုံးဆယ် (ကျပ် ၃၀၀၀၀၀၀)၊ အစုရှယ်ယာ (၁၄၀၀)စုမှ ရရှိသည့်ငွေကျပ်သိန်းပေါင်း လေးသောင်းနှစ်ထောင် (ကျပ်သိန်း၄၂၀၀၀)ဖြင့် စတင်ရင်းနှီးမြှုပ်နှံရန် အစုရှယ်ယာဝင်များက သဘောတူဆုံးဖြတ်ပြီး အအေးခန်းဆောက်လုပ်မည့်မြေနေရာကို ရှမ်းပြည်နယ် (တောင်ပိုင်း)ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း – ပင်းတယ ကားလမ်းမကြီးဘေးရှိ ယာမြေ (၃.၀၁) ဧကကို ဝယ်ယူ၍ အာလူး တန်ချိန် (၃၀၀၀) သိုလှောင်နိုင်မည့် အအေးခန်းသိုလှောင်ရုံ တည်ဆောက်နိုင်ရန် အောင်ပန်းအာလူးအစုအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး