တောင်ကြီး ဇွန်-၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့က အားကစားနှင့်ကာယ ပညာသိပ္ပံ(တောင်ကြီး)ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းသား၊ သင်တန်းသူများအတွက်စားစရိ တ်ငွေပေးအပ်ပွဲကို ဇွန်(၂၃)ရက်၊နံနက်(၁၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင် ကြီး)စားရိပ်သာ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ သင်တန်းသား၊ သင်တန်းသူများ အာဟာရပြည့်ဝရေးနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုလိုလာရောက်၍စားစရိတ်ငွေများ ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ဖွင့်လှစ်ရခြင်းသည် နိုင်ငံတော်နှင့်ပြည်နယ်အတွက် ထူးချွန်ထက်မြက်ပြီး အားကိုးရသည့် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) သင်တန်းသား၊ သင်တန်းသူများက ဝင်ရောက် ယှဥ်ပြိုင်၍ ဆုတံဆိပ်များ ရယူပေးခဲ့သည်ကိုတွေ့ရပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ မွေးထုတ်ပေးလိုက်သော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်အပေါ်ကျေးဇူးသစ္စာစောင့်သိရန် လိုအပ်ပါကြောင်း၊ ရည်ရွယ်ချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မျှော်မှန်းထားသည့်အတိုင်း အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်နှင့် နိုင်ငံတော်အတွက် အားထားရသော အားသစားသမားကောင်းများ ပေါ်ထွက်လာစေရန် သင်တန်းသားသင်တန်းသူများအနေဖြင့် ကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အားကစားနှင့်ကာယပညာသိပ္ပံ(တောင် ကြီး)ရှိ ၂၀၂၅ – ၂၀၂၆ပညာသင်နှစ် သင်တန်းသား၊ သင်တန်း သူများအတွက် စားစရိတ်ငွေကျပ် သိန်း(၇၀၀)ကို ပေးအပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ကျောင်းအုပ်ကြီးနှင့် သင်တန်းသား၊ သင်တန်းသူများမှ လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နေ့လယ်စာ ထမင်းလက်ဆုံ သုံးဆောင်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ စာကြည့်တိုက်ခန်းမနှင့် သင်တန်းသား၊ သင်တန်းသူများကို ကုသပေးသည့်ဆေးခန်းတို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင် ၂၀၂၅- ၂၀၂၆ပညာသင်နှစ်၌ သင်တန်းသား (၆၆)ဦး၊ သင်တန်းသူ(၅၀)ဦး၊ စုစုပေါင်း (၁၁၆)ဦး တို့သည် အားကစားနှင်ပညာရေးကို ပေါင်းစပ်လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး