တောင်ကြီး ဇွန်-၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် (၆/၂၀၂၅)လ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်(၂)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းညှိအစည်းအဝေးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် လမ်းညွှန်ချက်များကို ချပြဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးချက်များအပေါ် ဌာနဆိုင်ရာများက လုပ်ငန်းဆိုင်ရာများကိုတင်ပြ၍ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများကတင်ပြ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်များသည် စဥ်ဆက်မပြတ် ရေရှည်လိုက်နာဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများက စိစစ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန် ထပ်မံပြောကြားလိုကြောင်း၊ မကြာမီကာလတွင် ၂၀၂၅ခုနှစ်အကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် ရည်မှန်းချက်ထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများက မဲစာရင်းမှန်ကန်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ပေးလျက်ရှိသောကြောင့် လေးလေးနက်နက်ထား ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေဖြင့် မည်သည့်အစိုးရအဖွဲ့တက်လာပါစေ မိမိတာဝန်ကိုကျေပြွန်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းတာဝန်ကို မပြတ်အောင်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း ခေတ်အဆက်ဆက်အားနည်းခဲ့ပါကြောင်း၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေးအတွက် ကြိုးစားပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးကကြိုးစားပေးကြရန်နှင့် ဆွေးနွေးချက်အကြံပြုချက်များအပေါ် ထပ်မံဆွေးနွေးပေးကြရန် ပြောကြားသည်။
ထိုနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ပြည်နယ်စည်ပင်သာယာရေးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်အပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး