
တောင်ကြီး မတ်-၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ မတ်(၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နှစ်စဥ်မတ်လ(၈)ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုကျင်းပကြပြီး မြန်မာနိုင်ငံတွင်လည်း မြန်မာအမျိုးသမီးများ၏အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန်နှင့် ဂုဏ်ပြုချီးမြှင့်ရန်အတွက် နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပကြပါကြောင်း၊ ၂၀၂၆ခုနှစ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအတွက် ကုလသမဂ္ဂက ချမှတ်ပေးသည့် ဦးတည်ချက်ဆောင်ပုဒ်မှာ “ Rights.Justice. Action.For ALL Women and Girls´´ “တရားမျှတမှုနဲ့အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက်ဆောင်ရွက်ပေး´´ ဖြစ်ပါကြောင်း အမျိုးသမီးများအင်အားသည် တိုင်းပြည်အင်အားလည်းဖြစ်ပြီး အမျိုးသမီးများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ပါဝင်နိုင်ခွင့် အခွင့်အလမ်းကိုဖော်ဆောင်ပေးခြင်း၊ အမျိုးသမီးများ၏ကဏ္ဍကို မြှင့်တင်ပေးခြင်းသည် နိုင်ငံဖွဲ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေကြောင်းပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် Video Clip ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ ယင်းနောက် အမျိုးသမီးဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကျောင်းသူများက ရှမ်းရိုးရာအကဖြင့်လည်းကောင်း၊ ဒေါ်ကြီးဒေါ်ငယ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်းသူများက ရှမ်းရိုးမကအိုးစည်သံ သီချင်းဖြင့် လည်းကောင်း၊ ဓမ္မဝိဒူ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကျောင်းသူများက နွေဥဦးကဗျာတေးသီ ချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်တာဝန်ရှိသူများက ရှမ်းပြည်နယ် အမျိုးသမီးကာ်မတီနှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးတို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ဆုရရှိခဲ့သူ (၃) ဦးအားဆုများ ပေးအပ်ချီးမြှင့်ပြီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် တာဝန်ရှိသူများက ကပြဖျော်ဖြေတင်ဆက်ခဲ့သည့် ပရဟိတဂေဟာများမှ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် AFC WOMEN`S FOOTBALL DAY 2026 ဘောလုံးအားကစားပွဲတော်အခမ်းနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယနေ့သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးထု၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြုသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်သကဲ့သို့ ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမှာလည်း မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လုပ်ငန်းစဥ်ကြီးတစ်ခုကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် AFC WOMEN`S FOOTBALL DAY 2026 မှာ ပါဝင်ကြမည့် သမီးငယ်များအားလုံး ကျန်းမာပျော်ရွှင်စွာဖြင့်ပါဝင်ကစားကြရင်း နောင်တစ်ချိန်တွင်နိုင်ငံအတွက် အားထားရသော မျိုးဆက်သစ်ဘောလုံးသမားကောင်းများဖြစ်လာရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။
ဆက်လက်၍ AFC WOMEN`S FOOTBALL DAY 2026 ဘောလုံးအားကစားပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက အားကစားကွင်းအတွင်းသို့ ဘောလုံးကန်သွင်း၍ ပွဲတော်ကို စတင်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အားကစားသမားများ ဘောလုံးလေ့ကျင့်ကစားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဒိုင်လူကြီးသင်တန်း (၁/၂၀၂၆)နှင့် ဒိုင်ကြီးကြပ်သင်တန်း(၁/၂၀၂၆) သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ(၁/၂၀၂၆)ဒိုင်လူကြီးသင်တန်းနှင့် ဒိုင်ကြီးကြပ်သင်တန်းကို မတ်လ(၅)ရက်နေ့မှ (၁၀) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့