ကလော ဇန်နဝါရီ-၂၇
Myanmar United Farmers AgriculturalCo.,Ltd ဟဲဟိုးအာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့၏ မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲကို ဇန်နဝါရီ(၂၇)ရက် နံနက်(၉)နာရီက ကလောမြို့နယ်၊ ညောင်ပင်ခါးရှည်ကျေးရွာ၌ ကျင်းပသည်။
ဦးစွာ မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ ဟဲဟိုးအာလူးအသင်းဥက္ကဋ္ဌ ဦးအောင်သန်းကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မျိုးအာလူးအအေးခန်းသိုလှောင်ရုံဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပန်းတိုင်သီးနှံများအနေဖြင့် ယခင်(၁၀)မျိုးမှ ယခု(၃)မျိုးထပ်မံတိုးချဲ့၍ ပေါင်း(၁၃)မျိုးသတ်မှတ်ဆောင်ရွက်လျက်ရှိရာ အာလူးသီးနှံလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အာလူးသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တစ်နိုင်ငံလုံးတွင် ရှမ်းပြည်နယ်အတွင်း ဧရိယာဧကအများဆုံးအဖြစ် ၆၀ ရာခိုင်နှုန်းကျော်စို က်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၄ – ၂၀၂၅ခုနှစ်အတွင်း စိုက်ဧရိယာ ဧက ၅ သောင်းကျော်ရှိပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှအထွက် နှုန်း(၄၁၆၈)ပိဿာဝန်းကျင်နှုန်း ထွက်ရှိပါကြောင်း၊၂၀၂၅ – ၂၀၂၆ခုနှစ်တွင် ၅၁၅၄၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးစိုက်ဧရိယာများတွင် ၄၁၉၉ ပိဿာနှုန်း ထွက်ရှိပါကြောင်း၊ အာလူးသီးနှံကို ပန်းတိုင်သီးနှံတစ်ခုအဖြစ်သတ်မှတ်ခဲ့ပြီး ဖြစ်သည့်အတွက် အာလူးစိုက်ပျိုးထုတ်လုပ်ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အရည်အသွေး တိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဆီသြဇာကောင်းမွန်ရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရန် လိုအပ်ပါကြောင်း၊ မျိုးအာလူးများအရည်အသွေး ကျဆင်းမှုနှင့်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နောင်တရားတွင် တန် (၂၀၀၀) ဆံ့၊ ဟဲဟိုးမြို့တွင် တန်(၁၀၀၀)ဆံ့၊ အောင်ပန်းမြို့တွင် တန်(၁၃၀၀)ဆံ့နှင့် ပင်းတယမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တန်(၈၅၀) ဆံ့ အာလူးအအေးခန်း သိုလှောင်ရုံများတွင် မျိုးအာလူးများကို သိုလှောင်ထားရှိနိုင်ပြီ ဖြစ်ကြောင်း၊ ယနေ့တွင် ဟဲဟိုးအာလူးအစုအဖွဲ့၏ တန်(၂၀၀၀)ဆံ့မျိုး အာလူးအအေးခန်းသိုလှောင်ရုံကို ထပ်မံ ဖွင့်လှစ်နိုင်သည့်အတွက် ဒေသတွင်းအာလူးစိုက်တောင်သူများ၏ မျိုးအာလူး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး အာလူးစိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်ကူညီပံ့ပိုးပေးမှုများကြောင့် တောင်သူများအနေဖြင့် ပိုးမွှားရောဂါကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်အာလူးများကို စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ရရှိစိုက်ပျိုးသွားနိုင်မည်ဖြစ်ပြီး အကျိုးများစွာရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဥဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းက အာလူးစိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး ဟဲဟိုးအာလူးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များကို နေရာအရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲတွင် ကုမ္ပဏီများမှ လာရောက်ခင်းကျင်းပြသသည့် ပြခန်းများနှင့် အာလူးအအေးခန်းသိုလှောင်ရုံ အာလူးမျိုးယှဥ်ပြိုင်စမ်းသပ်ကွက်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရွှေညောင်မြို့ရှိ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၌ ဖူဆယ်အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်အားကစားရုံနှင့်စပ်လျဥ်း၍ လိုအပ်သည်များဖြည့်စွက်မှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
