တောင်ကြီး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ခေမရဋ္ဌ်ရိပ်သာ အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ ၉ ရက်၊ ညနေ ၃ နာရီက ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျိုင်းတုံစည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ကျိုင်းတုံမြို့တွင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ကျိုင်းတုံမြို့ရှိ နမ့်ခင်ချောင်းတူးဖော်ရေးလုပ်ငန်း၊ ကျောက်စီမြေထိန်းနံရံလုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ကျိုင်းတုံဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက မွေးမြူရေးကဏ္ဍဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲအုပ်ချုပ်ရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေး ကျိုင်းတုံမြို့တွင်းလမ်းများကောင်းမွန်စေရန် မြို့တွင်းလမ်းခင်းခြင်းလုပ်ငန်းများကို လမ်းအမျိုးအစားအလိုက် စနစ်တကျဆောင်ရွက်ကြရန်၊ ကျိုင်းတုံမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် အခွန်ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာဌာနမှစနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သီးနှံစိုက်ခင်းများ ရေကြီးရေလျှံမှုမရှိစေရေးတွက် နမ့်ခင်ချောင်း ကျောက်စီမြေထိန်းနံရံလုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံချက်များ စနစ်တကျရေးဆွဲတင်ပြကြရန်၊ နှုန်းဆယ်ယူမှုလုပ်ငန်းများ ထိရောက်အကျိုးရှိစေရေး စနစ်တကျဆောင်ရွက်ကြပါရန်၊ ဒေသတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံစိုက်ပျိုးခြင်းကို ပိုမိုဆောင်ရွက်နိုင်ရန်လိုအပ်ပြီး ပြည်နယ်အစိုးရမှပံ့ပိုးမှုများဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နွေစပါးအစား တန်ဖိုးမြင့်သီးနှံများဖြစ်သော ပဲပုပ်၊ နေကြာ၊ မြေပဲနှင့် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှလမ်းညွှန်မှုပြုထားပြီးဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများဖြင့် စည်းရုံးဆောင်ရွက်ကြပါရန်၊ ကျိုင်းတုံဒေသအတွင်း ကြက်ဥဖူလုံမှုရှိစေရေး ဥစားကြက်တိုးချဲ့မွေးမြူနိုင်ရန် သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အသားငါးကဏ္ဍတွင်လည်း ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး သက်ဆိုင်ရာဌာနမှ အခွန်လွတ်ဈေးများဆောင်ရွက်ပေးခြင်း၊ ဈေးနှုန်းသတ်မှတ်ပေးခြင်း၊ သားသတ်လုပ်ငန်းလိုင်စင်ကဏ္ဍများစနစ်တကျဆောင်ရွက်ပေးခြင်းတို့ဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေးကဏ္ဍတာဝန်ရှိသူများအနေဖြင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုရှိစေရေး စနစ်တကျထိန်းကျောင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
