‎‎
တောင်ကြီး ဇန်နဝါရီ-၁၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ပြည်နယ်စီးပွား‌ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများလွတ်လပ်ပြီးတရားမျှတ၍ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူအားလုံးမဲပေးခွင့် ရရှိနိုင်ရန်အတွက် ဇန်နဝါရီလ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲကနာရီခွဲက ရပ်စောက်မြို့နယ်အတွင်း ဖွင့်လှစ်ထားသောမဲရုံများအား ကွင်းဆင်းစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့သည် ပြည်သူများမဲပေးနိုင်ရေးအတွက် ရပ်စောက်မြို့နယ်၊ မြို့ဦး(၁)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် မဲရုံဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ထီးခမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ပင်ဖြစ်စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွင်း မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က မဲရုံများစနစ်တကျရှိစေရေး အလေးထားဆောင်ရွက်ရန်၊ပြည်သူများ အေးချမ်းလွတ်လပ်စွာဆန္ဒမဲပေး နိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ မဲရုံမှူးများ၊ဒုမဲရုံမှူးများနှင့် စက်ကိုင်တွယ်သူ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ကောင်းမွန်စွာ သိရှိနားပြီး တိကျစွာ လိုက်နာဆောင်ရွက်ရန်၊မဲရုံအတွင်း ပြည်သူများအဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး မဲရုံတာဝန်ကျဝန်ထမ်းများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး