တောင်ကြီး ဇန်နဝါရီ-၁၀
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့တက်ရောက်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်၊ နံနက် ၉ နာရီက ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့တက်ရောက်ကြသည်။
ရှေးဦးစွာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ( Youth Peace Forum 2026)သို့ တက်ရောက်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့မှ တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်အဖွဲ့၊ အမျိုးသားအုပ်ချုပ်သူအဖြစ် တာဝန်ယူဆောင်ရွက်မည့်တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့တက်ရောက်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လမ်းညွှန်အမှာစကား ပြောကြားရာ Youth Peace Forum 2026 သည် မတူညီသော နောက်ခံ အကြောင်းအရာနှင့် အလွှာအသီးသီးမှ လူငယ်များအတွက် ၎င်းတို့၏ အမြင်များကိုမျှဝေရန်၊ အပြန်အလှန်ယုံကြည်မှုခိုင်မြဲရန်၊ လူမှုသဟ ဇာတမြှင့်တင်ခြင်းဖြင့် လူငယ်တို့၏အခန်းကဏ္ဍကိုရှာဖွေရန် စသည့် အကျိုးကျေးဇူးရရှိမှုဖြစ်ပေါ်စေရန်၊ စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေ နိုင်သည့်အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာစေရန် စသောရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလက်ရှိလူဦးရေ၏ အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်သည့် လူငယ်လူရွယ်များသည် နိုင်ငံတော်ရေရှည်တည်ငြိမ်အေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်မှုတို့တွင် မရှိမဖြစ် အရေးပါလျက်ရှိပြီး လူငယ်များ၏အမြင်များ၊ ဖန်တီးမှုများဖြင့် လူငယ်ကွန်ရက်များသည် ဒေသန္တရအဆင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေးမြှင့်တင်ခြင်း တို့တွင် အဖိုးတန်သောထောက်ပံ့မှုရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ လူငယ်များသည် လူ့ဘောင်အဖွဲ့အစည်းအတွက် အားကိုး အားထားပြုရသည့် တန်ဖိုးမဖြတ်နိုင်သော လူ့စွမ်းအားအရင်းအမြစ် များဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့် အညီ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကိုနေပြည်တော်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသွားမည်ဖြစ်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက လူငယ် ကိုယ်စားလှယ် (၃၅၀) ဦးက သတ်မှတ်ထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်၏ ရည်မှန်းချက်များ၊ မျှော်မှန်းရလဒ်များကို သိရှိအောင်လေ့လာကြပြီး၊ စနစ်တကျဆွေးနွေးဆောင်ရွက်ခဲ့ကြရန်မှာကြားလိုကြောင်း၊ လူငယ် ငြိမ်းချမ်းရေးဖိုရမ်တွင် နေ့အလိုက် ဆွေးနွေးကြရမည့် ခေါင်းစဉ်များနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက စနစ်တကျလေ့ကျင့်သင် ကြားခဲ့ပြီးဖြစ်၍ ကောင်းမွန်စွာဆွေးနွေးနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များအတွက် လိုအပ်ချက်များပြည့်စုံ အောင်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခက်အခဲတစ်စုံ တရာရှိပါက တာဝန်ရှိသူများမှတစ်ဆင့် တင်ပြကြရန်မှာကြား လိုပါကြောင်း၊ အထူးသဖြင့်လူငယ်ဖိုရမ် ဆွေးနွေးပွဲကာလတွင်လည်းကောင်း၊ တည်းခိုနေထိုင်စဉ်ကာလတွင်လည်းကောင်း၊ နေပြည်တော် မြို့တွင်းလေ့လာရေး ခရီးစဉ်များတွင်လည်းကောင်း၊ မိမိတို့ရဲ့လုံခြုံရေး၊ ကျန်းမာရေးတို့ကိုအထူးဂရုပြုဆောင်ရွက်ကြရန်နှင့် ဝတ်စားဆင် ယင် မှု၊ နေထိုင်သွားလာရာတွင်အုပ်ချုပ်သူများ၏ ကွပ်ကဲမှုကိုစနစ်တကျ နာခံပြီး၊ မိမိတို့ရဲ့ပြည်နယ်ဂုဏ်သိက္ခာကိုထိခိုက်စေမယ့် အပြုအမူများ ကိုရှောင် ရှားကြရန် မှာကြားလိုကြောင်း ပြောကြားပြီး လူငယ် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့တက်ရောက်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ရာ လူငယ်ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်လွှတ်တော်သို့သွားရောက်၍ လွှတ်တော်အစည်းအဝေးခန်းမ၊ သံလွင်ခန်းမ၊ ရုံးခန်းများ၊ ရိပ်သာနှင့် ကျားခေါင်းခန်းမ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)နှင့် မဲပုံးများထားရှိနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအတွင်းဝန်များရုံး(ဟောင်း)အတွင်း ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် မဲပုံးများထားရှိနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လည်းကောင်း၊ ဝန်ထမ်းသက်သာချောင်ချိရေးအရောင်းဆိုင်တွင် ရောင်းချပေးနေမှုအခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
