တောင်ကြီး ဇန်နဝါရီ-၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့်နေအိမ်များအတွက် အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စု၊ ဝါးလီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာလ ၉ ရက်နံနက်ပိုင်းက ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့တက်ရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘန်းဘာ၊ လိန်းညား၊ စင်းတောင်းကျေးရွာအုပ်စုများမှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ပြီး အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၁၄၈ လုံး၊ လုံးဝပျက်စီးနေအိမ် ၄ လုံးအတွက်ထောက်ပံ့ငွေများ ပေးအပ်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုအားပေးပြီး ဝါးလီးကျေးရွာဆရာတော်အား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပင်လောင်းမြို့နယ်ခန်းမတွင် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်အတွင်း ငလျင်ဘေးဒဏ်သင့်၍ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၃၈ လုံးနှင့် လုံးဝပျက်စီးနေအိမ် ၄ လုံး တို့အား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကိုလည်းကောင်း၊ နောင်တရားမြို့ စန္ဒာခမ်းဓမ္မာရုံတွင် ပေါ့အင်ကျေးရွာအုပ်စုအတွင်း ငလျင်ဘေးဒဏ်သင့်၍ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၃၂)လုံးတို့အား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကိုလည်းကောင်း တက်ရောက်၍ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများပေးအပ်နေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တီကျစ်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာသို့ရောက်ရှိကာ နောင်မွန်ကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကိုတက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ နောင်မွန်ကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများဝင်ငွေတိုးမြှင့်ရရှိရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြည်သူများဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရန်လိုအပ်ပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးထပ်စိုက်ပျိုးရေးလုပ်ငန်းများသည် အရေးကြီးသကဲ့သို့ နိုင်ငံတော်မှ သွင်းအားစုများထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးနည်းစနစ်များကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးကဏ္ဍသည်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလှုံရေးအတွက်အရေးပါပြီး နိုင်ငံတော်မှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များသယ်ယူပို့ဆောင်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံလိုအပ်ချက်ဖြစ်ပြီး နိုင်ငံတော်၏ အဓိကဦးစားပေးကဏ္ဍဖြစ်၍ မိမိဒေသကိုအကျိုးပြုနိုင်သော ပညာတတ်များပေါ်ထွန်းလာစေရေး ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်စေရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံအတွင်းနေထိုင်သည့်ပြည်သူများ၏သက်တမ်း၊ ကျန်းမာရေးအား လေ့လာခြင်းဖြင့် သုံးသပ်နိုင်ပြီး ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုသည့်အတိုင်း နိုင်ငံတော်မှကျန်းမာရေးကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် ပြည်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရန်နှင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ချက်ချင်းဆောင်ရွက်ပေးနိုင်သည့်အချက်များအား ချက်ချင်းဆောင်ရွက်ပေးပြီး ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ရမည့်ကဏ္ဍများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်ကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ပြည်သူ၏တင်ပြချက်များအပေါ် ပြန်လည်ဆောင်ရွက်ပေးမည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည့်အခြေအနေများအား ဖြည့်စွက် ပြောကြားသည်။
ထိုမှတစ်ဆင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မကြာမီကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများလွတ်လပ်ပြီးတရားမျှတ၍ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူအားလုံးမဲပေးခွင့် ရရှိနိုင်ရန်အတွက် မွန်းလွဲ ၃ နာရီက ပြည်သူများမဲပေးနိုင်ရေးအတွက် ကလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ဓမ္မဝိသဇ္ဇနဓမ္မာရုံတွင် မဲရုံဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ကလောမြို့အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ တေဇခန်းမဆောင်တွင် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ အောင်ပန်းမြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းအတွင်း မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ ဟဲဟိုးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းအတွင်း မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က မဲရုံများစနစ်တကျရှိစေရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
