‎‎
တောင်ကြီး ဇန်နဝါရီ-၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရှမ်းပြည်နယ်မှကြီးကြပ်၍ ထနော့တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းမှဖွင့်လှစ်သော ထနော့ရိုးရာဝတ်စုံအဆင့်မြင့် စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ပရိယတ္တိစာသင်တိုက်တွင် ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၀ နာရီက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေတွင် “တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်”ဟု ပြဋ္ဌာန်းပါရှိသည့်အတိုင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ခွင့်ပြုရန်ပုံငွေများကို တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့များထံသို့ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထနော့စာပေနှင့်ယဉ်ကျေးမှုအသင်းအတွက် ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထနော့တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် တူရိယာများဝယ်ယူရန် ကျပ် ၅,၀၀၀,၀၀ဝ (ကျပ်သိန်းငါးဆယ်တိတိ/-)၊ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၁၀,၀၀၀,၀၀ဝ (ကျပ်သိန်း တစ်ရာတိတိ/-)ဖြင့် ထနော့တိုင်းရင်းသားများ၏ ဘာသာစကား၊ ဓလေ့ ထုံးတမ်း၊ နေ့စဉ်နေထိုင်မှုဘဝ ဓလေ့ထုံးတမ်းအစဉ်အလာများကို မှတ်တမ်းတင် ရိုက်ကူးရေးလုပ်ငန်း Documentary ရိုက်ကူးနိုင်ရေးအတွက် ထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း ထနော့တိုင်းရင်းသားတို့၏ ရိုးရာသီချင်း(၃)ပုဒ်အား ခေတ်နှင့်လျော်ညီစွာဖန်တီးခြင်း၊ ထနော့ တိုင်းရင်းသားရိုးရာအကအား ခေတ်နှင့်လျော်ညီစွာ ထပ်မံဖြည့်စွက် ဖန်တီးနိုင်ရေးအတွက် ရန်ပုံငွေ ကျပ်၈,၀၀၀,၀၀ဝ(ကျပ်သိန်းရှစ်ဆယ် တိတိ/-) ကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ထနော့တိုင်းရင်းသားရိုးရာဝတ်စုံ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကျပ် ၁၇,၀၀၀,၀၀ဝ(ကျပ်သိန်းတစ်ရာခုနစ်ဆယ်တိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ထနော့ရိုးရာဝတ်စုံအဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ၉,၅၆၀,၀၀ဝ (ကျပ်ကိုးဆယ်ငါးသိန်းခြောက်သောင်းတိတိ)ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထနော့စာပေနှင့်ယဉ်ကျေးမှုအသင်းအနေဖြင့် ရှမ်း ပြည်နယ်အစိုးရအဖွဲ့၏ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေများကို မိမိတို့ထနော့တိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်း စေမည့်ကိစ္စရပ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ယခုဖွင့်လှစ်သည့် ထနော့ရိုးရာဝတ်စုံအဆင့်မြင့် စက်ချုပ်သင်တန်းသို့ လာရောက်တက်ရောက်ကြသော သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြမှ သင်ကြားပြသသည့်အချိန်တွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပါရန်၊ ထနော့စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်လည်း ယခုဖွင့်လှစ်သည့်သင်တန်းအား အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းသာယာသည့် အနာဂါတ်နိုင်ငံတော်ကြီး ပေါ်ထွန်း နိုင်‌ရေးအတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုစွမ်းအားများဖြင့် ကြိုးပမ်း တည်ဆောက်ကြပါရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထနော့ရိုးရာဝတ်စုံ အဆင့်မြင့်စက်ချုပ်သင်တန်းအတွက် ရန်ပုံငွေနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ ထနော့စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ပိတ်စများပေးအပ်ရာ သင်တန်းသူများမှ လက်ခံရယူကြသည်။
ယင်းနောက် ထနော့စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ သင်တန်းတွင်အသုံးပြုမည့် အပ်ချုပ်စက်နှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်အင်ပရိယတ္တိစာသင်တိုက် ဆရာတော်ဦးဗုဒ္ဓဂေါဓအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး