တောင်ကြီး ဒီဇင်ဘာ-၂၀
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ တတိယ အပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ(၂၀)ရက် နံနက်(၅)နာရီ၄၅မိနစ်က တောင်ကြီးမြို့၊ ကမ္ဘောဇဘဏ်ရှေ့စုရပ်တွင် နေရာယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သေနတ်ပစ်ဖောက် တာလွှတ်ပေး၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် စုပေါင်းလမ်းလျှောက်လာကြပြီး ရှမ်းပြည်နယ် လွှတ်တော်ရုံးရှေ့တွင် ကွေ့၍ ရုံးကြီးလမ်းဟောင်းအတိုင်း လျှောက်ကာ ပြည်နယ်အားကစားကွင်း၌ အကြောဖြေလေ့ကျင့်ခန်းနှင့် သွေးပူလေ့ကျင့်ခန်းအတွဲ(၁) အမှတ်(၂) ၊ အတွဲ(၂) အမှတ်(၁)တို့ကို စုပေါင်းပြုလုပ်ကြသည်။
ဒီဇင်ဘာ(တတိယ)အပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကစားနှင့် ကာယပညာ(သိပ္ပံ)မှ ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း အင်အား(၁၉၀၀၀)ခန့် တပျော်တပါး စုပေါင်း ပါဝင် လမ်းလျှောက်ကြသည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသူများအား ကံစမ်းမဲလက်မှတ်များ ဖောက်ပေး၍ ကံစမ်းမဲပေါက်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်ဝန်ကြီးများ မှ ကံစမ်းမဲဆုများ ချီးမြှင့်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက အေးရိုးဗစ်ပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နံနက်(၇)နာရီခွဲတွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုလို ကြက်တောင်ဖိတ်ခေါ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှာ ကြက်တောင်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ လူငယ်မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှု ရရှိကာ ကျန်းမာပြီး ကြံ့ခိုင်သော လူငယ်များဖြစ်စေရေး ၊ ရှမ်းပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြင့်မားစေပြီး မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေလိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက်ပြိုင်ဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အလှူရှင်များ ၊ ရှမ်းပြည်နယ် ကြက်တောင်ဆပ်ကော်မတီ အတွင်းရေးမှူးနှင့် ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအဖွဲ့၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နံနက်(၉)နာရီက တောင်ကြီးမြို့ ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ကျင်းပသော ၂၀၂၅-၂၀၂၆ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများ အရည်အချင်းပြည့်ဝပြီး ထူးချွန်စွာ အောင်မြင်စေရေးနှင့် အောင်ချက်မြင့်မားရေးတို့အတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲကို အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချမှုများကိုဆရာ၊ဆရာမများအနေဖြင့် သေချာစွာမှတ်သားပြီး မိမိတို့၏ တပည့်များအား ဘာသာရပ်အလိုက် ပိုမိုကျွမ်းကျင်စေရန်၊ တက္ကသိုလ်ဝင်မေးခွန်းနှင့်အမှတ်ပေးစည်းမျဥ်းတို့ကို ပိုမိုသဘောပေါက်နားလည်စေရန်နှင့် ၂၀၂၆ခုနှစ်၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ကျောင်းသား၊ကျောင်းသူများကို စနစ်တကျ ပြန်လည်လေ့ကျင့် သင်ကြားပေးရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအတွက် ချီးမြှင့်ငွေကျပ်သိန်း(၃၀)အား ပေးအပ်ရာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုမှ လက်ခံရယူပြီး တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြောင်းသိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ ၊ ကျောင်းသူ၊ ကျောင်းသားများအား အားရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(၆)ကျောင်း၊ အေးသာယာမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (၂)ကျောင်း ၊ ရွှေညောင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(၁)ကျောင်းတို့တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၂)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၆ခုနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၃၉၆၂)ဦးရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့