တောင်ကြီး ဒီဇင်ဘာ-၁၅
ပြန်ကြားရေဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ရေး“ဒို့အတူတူမဲပေးကြမယ်´´ရွေးကောက်ပွဲလှုံ့ဆော် မြေစိုက်ဘုတ်စိုက်ထူခြင်းအခမ်းအနားကို ဒီဇင်ဘာ(၁၅) ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်ဘုရားအတက် လမ်းညာဘက်ခြမ်း၌ ကျင်းပသည်။
“ဒို့အတူတူမဲပေးကြမယ်´´ ရွေးကောက်ပွဲလှုံ့ဆော် မြေစိုက်ဘုတ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရွေးကောက်ပွဲလှုံ့ဆော်ရေး မြေစိုက်ဘုတ်အား အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အားလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးက ပန်းဖွားအကဖွဲ့အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က တိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား လက်ကမ်းစာစောင်နှင့် stickerများ ဖြန့်ဝေပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရီးသွားလာမော်တော်ယာဥ်များ၊ ဆိုင်ကယ်စီးသူများအား “ဒို့အတူတူမဲပေးကြမယ်´´ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း Sticker များအား မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတွင် ကပ်ပေးခြင်းဖြင့် ရွေးကောက်ပွဲလှုံ့ဆော်ကမ်ပိန်းကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ စူဠာမုနိအဆင်းလမ်းနှင့် City Square Shopping Center အပြင်တန်းတွင် စျေးရောင်းပြည်သူများ၊ မြို့မစျေးကြီးရှေ့ ခရီးသွားမော်တော်ယာဥ်များ၊ မော်တော်ဆိုင်ကယ်များ၊ စျေးသွား၊ စျေးပြန်ပြည်သူများအား “ဒို့အတူတူမဲပေးကြမယ်´´လက်ကမ်းစာစောင်နှင့် Stickerများ ဖြန့်ဝေပေးကြကြောင်း သိရှိရသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် HOPONG VIEW POINTသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးမြို့၊ စိမ်းလန်းစိုပြည်ရေးနှင့် မြေအသုံးချမှုစနစ်တကျရှိစေရေး၊ တောင်ကြီးမြို့နယ်အတွင်း ဟိုင်းဝေးသွား ကားလမ်းမ နံဘေးတွင် သစ်ပင်များစိုက်ပျိုးပေးရန်နှင့် တရားမဝင်ခြံစည်းရိုးခတ်နေမှုများကို စိစစ်ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့