တောင်ကြီး ဒီဇင်ဘာ-၈
ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးရေးနှင့် တောင်ကြီးမြို့တွင်းလမ်းကောင်းမွန်ရေး၊ ယာဥ်များသွားလာလွယ်ကူ ချောမွေ့စေရေးအတွက် ဒီဇင်ဘာ လ(၈)ရက် ညနေ(၃)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ရုံးကြီးလမ်းတွင် AC လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များသည် တောင်ကြီးတက္ကသိုလ် မိုးရေစုကန်အမှတ် (၁)အားသွားရောက်ကြည့်ရှူစစ်ဆေးရာ ကန်အတွင်း လုပ်ငန်းဆောင်ရွက်ရန်လျာထားစီမံကိန်းနှင့်ရေဆင်း မြောင်းပြုလုပ်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဥ်း၍ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလပြီးစီးရေး စနစ်တကျဆောင်ရွက်ရန် ဖြည့်စွက်မှာကြားပြီး ကန်ပတ်လမ်း ဘေးပတ်လည်တွင် အနားယူအပန်းဖြေနိုင်မည့် ထိုင်ခုံအစား ပိုမိုခိုင်ခံ့မှုရှိအောင် အုတ်ခုံများဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် တောင်ကြီးမြို့ မြေအောက်ရေထိန်းသိမ်းနိုင်ရန်နှင့် အများပြည်သူများ အပန်းဖြေအနားယူရန်၊ ကျန်းမာရေးအတွက် လမ်းလျှောက်နိုင်ရန်အတွက် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန် သာယာ(၃) ကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ပြီးစီးမှုနှင့် ကန်ပတ်လည် ဆိုလာမီးတိုင်များဆောင်ရွက်ပြီးစီးမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်သူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ရုံးမီးပွိုင့်မှစ၍ တောင်ကျောင်းကြီးသွားလမ်းနှင့် ဂနိုင်ကန်သို့သွားသည့် လမ်း၏တောင်ဘက်ခြမ်း လမ်းဘေးပလက်ဖောင်းနှင့် ရေနုတ်မြောင်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လမ်း၏မြောက်ဘက်ခြမ်း ရေနုတ်မြောင်းနှင့်ပလက်ဖောင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်စပ်လျဥ်း၍ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ကြရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူများကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
