တောင်ကြီး ဒီဇင်ဘာ-၆
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၆)ရက် နံနက်(၅)နာရီ ၄၅မိနစ်ကကျင်းပရာ ဦးစွာ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကမ္ဘောဇဘဏ်ရှေ့စုရပ်နေရာမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သေနတ်ပစ်ဖောက် စတင် တာလွှတ်ပေးပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး ရှမ်းပြည်နယ်လွှတ်တော်ရုံးရှေ့မှ ကွေ့၍ ရုံးကြီးလမ်းဟောင်းအတိုင်းလျှောက်ကာ ပြည်နယ်အားကစားကွင်း၌ အကြောဖြေလေ့ကျင့်ခန်းဆောင်ရွက်ခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂)နှင့် Myanmar Fitness Dance များကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဒီဇင်ဘာလအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းများမှ သင်တန်းသားသင်တန်းသူများ၊ အားကစားနှင့်ကာယာပညာ(သိပ္ပံ)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၃၀၀၀) ကျော်တို့က ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး လမ်းလျှောက် ပွဲသို့တက်ရောက်လာသူများအား ကံစမ်းမဲလက်မှတ်များ မဲဖောက်ပေး၍ ကံစမ်းမဲပေါက်သူများနှင့် မီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွဲသူကြသည့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများမှ မီတာ(၁၀၀)အပြေးပြိုင်ပွဲပါဝင်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး လမ်းလျှောက် ပွဲပါဝင်ဆင်နွဲသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
