တောင်ကြီး နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၂၇)ရက် နံနက်(၉)နာရီက တောင်ကြီမြို့ ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဌာနမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့တွင် သက်ဆိုင်ရာဌာဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ခင်းကျင်းရောင်းချလျက်ရှိသည့် ဆန်၊ ဆီနှင့် ကြက်ဥအရောင်းဆိုင်းများအား ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေမှုများကို လိုက်လံကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အားကစားနှင့်ကာယပညာဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် လူဒါန်းသည့် ကြက်ဥများအား ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာတွင် ဒုတိယအကြိမ် မဲစာရင်းအား နိုဝင်ဘာ(၂၁)ရက်မှ ဒီဇင်ဘာလ (၄)ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွား ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်မဆုံးရှုံးစေရန် တတိယအကြိမ်ထုတ်ပြန်မည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်တိကျမှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေးအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးက ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
