ကျိုင်းတုံ နိုဝင်ဘာ-၁၉
အကြီးစား၊ အလတ်စား၊ အသေးစား MSME လုပ်ငန်းများ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုဝင်ဘာလ(၁၉)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံမြို့၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပန်ဆံကျကျေးရွာအနီးရှိ ရှမ်းရွှေသံကုမ္ပဏီ၊ သံမဏိစက်ရုံသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
ဦးစွာ ရှမ်းရွှေသံကုမ္ပဏီ၊ သံမဏီစက်ရုံမှ တာဝန်ရှိသူတစ်ဦးက တစ်ရက်တန်(၆၀)ကျ သံရည်ကြိုစက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ချုပ်က လုပ်ငန်းများနှင့်စပ်လျဥ်း၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ပညာရှင်နှင့်လျှပ်စစ်မီးရရှိရေးကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရှမ်းရွှေသံကုမ္ပဏီ၊ သံမဏီစက်ရုံသည် သံတို၊ သံစများကို အဓိကထား စုဆောင်းဆောင်ရွက်လျက်ရှိပြီး စက်ပစ္စည်းများ စုံလင်စွာရှိ၍ လျှပ်စစ်မီးများရရှိပါက ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် စက်ရုံလည်ပတ်နိုင်မည်ဖြစ်ကြောင်းနှင့် သံချောင်းများကိုသာ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ယန်းကျိန် ကျေးရွာအုပ်စု၊ တာစွယ်ကျေးရွာအနီး ဦးမောင်မောင်ဝင်း မွေးမြူထားသည့် ဥစားကြက်နှင့် ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှူရာ ကျိုင်းတုံမြို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွေးမြူထားသော ကြက်ခြံ၊ ဝက်ခြံတို့ကို လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိရစ္ဆာန်အားတိုးဆေးများပေးအပ်ရာ မွေးမြူရေးခြံပိုင်ရှင် ဦးမောင်မောင်ဝင်းမှ လက်ခံရယူသည်။
အဆိုပါ ဦးမောင်မောင်ဝင်း၏၏ ဥစားကြက်နှင့်ဝက်မွေးမြူရေးခြံတွင် လက်ရှိ ဥစားကြက်ကောင်ရေ ၂၀၀၀၀၊ အသားတိုးဝက်(၃လခွဲအရွယ်) ၃၁၀ ကောင်၊ မျိုးဝက်သိုး(၁)ကောင်နှင့် မျိုးဝက်မကြီး (၃၈) ကောင်မွေးမြူထားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရိုင်နှင့် မြို့နယ်များသို့ ဖြန့်ဖြူရောင်း ချပေးလျက်ရှိကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ရွှေစင်အဆင့်မြင့်တန်(၁၅၀)ကျ ဆန်စက်သို့ ရောက်ရှိကြပြီး ဆန်ကြိတ်ခွဲနေမှု၊ ထုတ်ပိုးချုပ်လုပ်နေမှုနှင့် ဆန်အမျိုးအစားခွဲခြားထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၅ – ၂၀၂၆ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျိုင်းတုံမြို့နယ်၊ ကတ်တောင် – ဝမ်ပတ် – ဟိုရမ်းလမ်း (ကျိုင်းတုံရေတံခွန်လမ်း)အား သွားရောက်ကြည့်ရှုစစ်ဆေးရာ လာရောက်ကြိုဆိုကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ကျိုင်းတုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကွန်ကရစ်လမ်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းအားသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးရန်နှင့် ရေရှည်ခိုင်ခန့်ရန်လိုအပ်ပါကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ကျိုင်းတုံမြို့၊ ခေမရဌ်ရိပ်သာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးလာမည့် ဒီဇင်ဘာလတွင် ကျင်းပတော့မည်ဖြစ်၍ မဲစာရင်းမှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် စနစ်တကျစိစစ်ဆောင်ရွက်ပေးကြရန်၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးတွင်လည်း သက်ဆိုင်ရာဝာာဝန်ရှိသူများက အသိပညာပေးဟောပြော၍ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပြည်သူလူထုကို အကျိုးပြုသောလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ ကြီးကြပ်ဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်များအနေဖြင့် တင်ပြစရာများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းနှင့်စပ်လျဥ်း၍ တင်ပြကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လာမည့်ဒီဇင်ဘာလတွင် အားကစားကဏ္ဍကို စည်ကားသိုက်မြိုက်စွာကျင်းပပေးရန်နှင့် အားကစားနည်းမျိုးစုံထည့် သွင်းဆောင်ရွက်ပေးကြရန်၊ ပညာရေးကဏ္ဍတွင် အောင်ချက်မြှင့်မားရေးအတွက် အလေးထားကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များကို လည်းထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဥ်း၍ အမြန်ဆုံးဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားသွားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး